ခရိုအေးရှားနဲ့ပွဲစဉ်မှာ မသက်မသာဖြစ်ခဲ့ပြီးနောက် ကာလရှည်ဒဏ်ရာပြဿနာနဲ့ပတ်သက်လို့ ဖွင့်ဟပြောကြားလာတဲ့ ဒီကလန်ရိုက်စ်
ခရိုအေးရှားကို အနိုင်ရရှိခဲ့တဲ့ ဗုဒ္ဓဟူးညပိုင်းပွဲစဉ်အတွင်း ဒဏ်ရာကြောင့် ကွင်းပြင်ထွက်ခွာခဲ့ရတဲ့ ဒီကလန်ရိုက်စ်က အင်္ဂလန်အသင်းရဲ့ဒုတိယမြောက်ကမ္ဘာ့ဖလားပွဲစဉ်ဖြစ်တဲ့ ဂါနာနဲ့ပွဲစဉ်ကို ပါဝင်ကစားသွားမယ်လို့ အတည်ပြုခဲ့ပါတယ်။
သောမတ်စ်တူချယ်ရဲ့အသင်းက နာကျင်စရာဆယ်စုနှစ်ခြောက်ခုကြာ သမိုင်းကြောင်းကို အဆုံးသတ်ဖို့အတွက် ခရိုအေးရှားလိုပြိုင်ဘက်ကောင်းကို ဟယ်ရီကိန်းရဲ့နှစ်ဂိုးသွင်းယူမှုအပါအဝင် ၄-၂ ဂိုးဖြင့် အနိုင်ယူကာ ကမ္ဘာ့ဖလားပြိုင်ပွဲကို အကောင်းဆုံးစတင်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ပွဲချိန် ၇၂ မိနစ်မှာ ဒီကလန်ရိုက်စ်ကို ဒဏ်ရာအခြေအနေနဲ့အတူ လူစားလဲလှယ်ခဲ့ရလို့ အောင်ပွဲခံရမယ့်အခြေအနေ အနည်းငယ်ပျက်ပြားသွားခဲ့ပါတယ်။
ဒီအာဆင်နယ်ကြယ်ပွင့်က ကွင်းလယ်ဗဟိုနေရာမှာ အန်ဒါဆန်နဲ့အတူ ပွဲထွက်ကစားခဲ့ပြီး အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ပြီး ဟယ်ရီကိန်းရဲ့ဒုတိယမြောက်သွင်းဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။
အိုင်တီဗီ (ITV) က ဝေဖန်သူတွေကတော့ ဒီကလန်ရိုက်စ်ရဲ့ကွင်းပြင်ပဆီ ထွက်ခွာလာပုံကို မြင်တွေ့ရတာ နာကျင်မှုရှိနေတယ်လို့ သုံးသပ်ခဲ့ပေမဲ့ ပွဲအပြီးအင်တာဗျူးမှာ ကစားသမားက သာမန်ဒဏ်ရာအခြေအနေသာ ဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။
"အားလုံး အဆင်ပြေပါတယ်၊ တကယ် ကောင်းပါတယ်။ အာဆင်နယ်မှာ ပြီးခဲ့တဲ့ရာသီဝက်တုန်းက ကြုံတွေ့ခဲ့ရဖူးတဲ့ အာရုံကြောနာကျင်မှုအနည်းငယ် ပြန်ဖြစ်တာပါပဲ" လို့ ဒီကလန်ရိုက်စ်က ဖွင့်ဟခဲ့ပါတယ်။
"ဒါပေမဲ့ ကျွန်တော် အားလုံး အဆင်ပြေပါတယ်၊ ကောင်းပါတယ်။ ကြိုတင်ကာကွယ်မှုအဖြစ် လူစားလဲခဲ့တာဖြစ်ပြီး ဂါနာနဲ့ပွဲစဉ်မှာ ကျွန်တော် ပြန်လည်ပါဝင်လာပါမယ်"လို့ ဆက်ပြောခဲ့ပါတယ်။
ပွဲပြီးခါနီးအချိန်မှာ မားကပ်စ်ရက်ရှ်ဖို့ဒ်လည်း ပေါင်နောက်ကြွက်သားကို ကိုင်ထားခဲ့လို့ စိုးရိမ်စရာအခြေအနေရှိခဲ့ပေမဲ့ တူချယ်ကတော့ ဒဏ်ရာပြဿနာကြီးကြီးမားမားမဟုတ်ဘူးလို့ အတည်ပြုခဲ့ပါတယ်။
"စောင့်ကြည့်ကြတာပေါ့၊ သူတို့တွေ အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ပုံမှန်အားဖြင့်တော့ ကျွန်တော် ဒီကလန်ရိုက်စ်ကို လူစားလဲလှယ်ဖို့ မရှိပေမဲ့ ဘယ်လိုစွန့်စားမှုမျိုးကိုမဆို မပြုလုပ်ချင်ပါဘူး" လို့ တူချယ်က ပြောပါတယ်။