ချဲလ်ဆီးနဲ့ မန်စီးတီးအသင်းတို့က အတ္တလန်တာနောက်ခံလူ မာကို ပါလက်စထရာကို ခေါ်ယူဖို့ ဆက်သွယ်မှုတွေ ပြုလုပ်နေ
ချဲလ်ဆီးနဲ့ မန်စီးတီးအသင်း နှစ်သင်းစလုံးဟာ အတ္တလန်တာနောက်ခံလူ မာကို ပါလက်စထရာရဲ့ ကိုယ်စားလှယ်တွေထံ ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။ အသက် ၂၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဆိုပါကစားသမားဟာ ၂၀၂၅-၂၆ ရာသီမှာ ကာဂလီယာရီအသင်းဆီ အငှားနဲ့ သွားရောက်ကစားခဲ့ပြီး ပြိုင်ပွဲစုံ ၃၇ ပွဲမှာ တစ်ဂိုး သွင်းယူပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ပါလက်စထရာဟာ အီတလီရဲ့ အကောင်းဆုံး လူငယ်နောက်ခံလူတွေထဲက တစ်ဦးအဖြစ် ခြေစွမ်းပြသနိုင်ခဲ့သလို လာမယ့်ရာသီမှာလည်း အတ္တလန်တာအသင်းဆီ ပြန်လာဖို့ မရှိတော့ဘူးလို့ မျှော်လင့်ရပါတယ်။
Sky Italia ရဲ့ ဖော်ပြချက်အရ ပရီမီယာလိဂ်အသင်းတွေဖြစ်တဲ့ ချဲလ်ဆီးနဲ့ မန်စီးတီးတို့ဟာ အဆိုပါကစားသမားရဲ့ ကိုယ်စားလှယ်တွေဆီကို ဆက်သွယ်စကားပြောဆိုထားကြပါတယ်။ ဒါပေမဲ့ ကစားသမားကိုယ်တိုင်က အီတလီမှာပဲ ဆက်နေပြီး စီးရီးအေချန်ပီယံ အင်တာမီလန်အသင်းဆီ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတာကြောင့် ဒီအသင်းနှစ်သင်းအတွက် အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ ခက်ခဲနိုင်ပါတယ်။ အင်တာမီလန်အသင်းက ယူရို သန်း ၄၀ နဲ့ အပိုဆုကြေး ယူရို ၅ သန်းပေးပြီး ကမ်းလှမ်းထားပေမဲ့ အတ္တလန်တာအသင်းကတော့ အပိုဆုကြေးတွေမပါဘဲ အပြောင်းအရွှေ့ကြေး ယူရို သန်း ၅၀ အထိ အလိုရှိနေတာဖြစ်ပါတယ်။