ယောကရက်စ်ရဲ့စွမ်းဆောင်ရည်အပေါ် အာဆင်နယ် မကျေနပ်သေးဘူးလို့ အိုဝင် ပြောဆို
၂၂ နှစ်ကြာဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဆုဖလားကို ပြန်လည်ရယူနိုင်ခဲ့ပေမဲ့ အာဆင်နယ်အသင်းက တိုက်စစ်ပိုင်းကို အပြတ်အသတ်အဆင့်မြှင့်တင်ဖို့ စဉ်းစားနေပြီလို့ မိုက်ကယ်အိုဝင် ယူဆနေပါတယ်။
ယောကရက်စ်ကို ရေရှည်အတွက်အားကိုးရမယ့် တိုက်စစ်မှူးတစ်ဦးအဖြစ် အာဆင်နယ်နည်းပြအာတီတာကိုယ်တိုင် အပြည့်အဝယုံကြည်မှုမရှိသေးဘူးလို့လည်း အင်္ဂလန်တိုက်စစ်မှူးဟောင်းအိုဝင်က ဆိုပါတယ်။
စပို့တင်းလစ္စဘွန်းမှ ပြောင်းရွှေ့ကြေးပေါင် ၆၄ သန်းဖြင့် အာဆင်နယ်ဆီ ရောက်ရှိလာတဲ့ ယောကရက်စ်က အသင်းအတွက် ပထမဆုံးဘောလုံးရာသီမှာတင် ၅၄ ပွဲကစား၊ ၂၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။
ဒီကိန်းဂဏန်းတွေက အင်္ဂလန်ဘောလုံးလောကနဲ့ ကစားသမားတို့အကြား အလျင်အမြန် အသားကျလာမှုကို ပြသနေပြီး အာဆင်နယ်အသင်းရဲ့ဆုဖလားအောင်ပွဲမှာလည်း အထောက်အကူဖြစ်စေခဲ့ပါတယ်။ ဒါပေမဲ့ ပွဲကြီးပွဲကောင်းတွေမှာ သူ့ရဲ့ နည်းစနစ်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်နဲ့ ထိရောက်မှုအပေါ်မှာတော့ မေးခွန်းထုတ်စရာတွေ ရှိနေဆဲဖြစ်ပါတယ်။
"အခုလက်ရှိကစားပုံနဲ့ ဖလားရခဲ့ပေမဲ့ အမြဲတမ်း ဒီအတိုင်းပဲဆက်သွားမယ်လို့ ပြောလို့မရပါဘူး။ အာဆင်နယ်က တိုက်စစ်မှူးအသစ်တစ်ဦး ထပ်ရှာချင်နေတာပါ။ သူတို့က ယောကရက်စ်အပေါ် တကယ်ဘဝင်မကျသလို တချို့နေရာမှာလည်း အားမရတာတွေ ရှိနေပါတယ်" လို့ အိုဝင်က Premier League Productions ဆီ ပြောကြားခဲ့ပါတယ်။