The network connection is lost.

Banner Image

ကိုပါအမေရိကအုပ်စုအဆင့် နောက်ဆုံးပွဲကို လွဲချော်မယ့် မက်ဆီနဲ့ စကာလိုနီ

အာဂျင်တီးနားနည်းပြ စကာလိုနီနဲ့ မက်ဆီတို့ကတော့ ပီရူးနဲ့ကန်မယ့် ကိုပါအမေရိကအုပ်စုအဆင့် နောက်ဆုံးပွဲကို လွဲချော်မယ်လို့ သိရပါတယ်။

“လီယိုက နောက်ဆုံးပွဲမှာ ပြဿနာရှိနေပါတယ်။ သူဒီပွဲမှာ ပါဝင်မှာမဟုတ်ပါဘူး။ သူ့အခြေအနေကို တစ်နေ့ချင်းကြည့်ရှုနေပါတယ်”လို့ လက်ထောက်နည်းပြ ဆမ်မြူရယ်က ပြောကြားခဲ့ပါတယ်။ မက်ဆီဟာ ချီလီကို အနိုင်ရခဲ့တဲ့ပွဲမှာ ဒဏ်ရာရခဲ့တာဖြစ်ပြီး မိနစ် ၉၀ ပြည့်တော့ ပါဝင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း စစ်ဆေးမှုတွေအပြီးမှာတော့ အာဂျင်တီးနားအသင်းက မက်ဆီကို ပီရူးနဲ့ပွဲမှာ အနားပေးဖို့ ပြင်ဆင်ခဲ့ပါတယ်။

“ကျွန်တော် ပွဲအစပိုင်းမှာ ညာဘက်တံကောက်ကြောနေရာက မသက်မသာဖြစ်လာပါတယ်။ အဲ့တာက နာကျင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ပွဲအပြီးထိ ဆက်ကစားခဲ့ပါတယ်။ ဘယ်လိုဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ရမှာပါ”လို့ မက်ဆီက ပြောကြားခဲ့ပါတယ်။

ပီရူးနဲ့ပွဲကို မက်ဆီအပြင် အာဂျင်တီးနားနည်းပြ စကာလိုနီနဲ့လွဲချော်မှာဖြစ်ပြီး ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံထားရတာဖြစ်ပါတယ်။ တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်ကတော့ စကာလိုနီဟာ ပထမပိုင်းအပြီးမှာ ကွင်းထဲကိုပြန်လာဖို့နောက်ကျခဲ့တာကြောင့် စည်းမျည်းချိုးဖောက်ခဲ့တယ်လို့ အသိပေးခဲ့တာဖြစ်ပါတယ်။ “ကစားသမားတွေအပြင် နည်းပြတွေအနေနဲ့ ပထမပိုင်းအပြီး ဒုတိယပိုင်းပြန်စချိန်မှာ ကွင်းထဲကိုပြန်လာဖို့ နောက်ကျခဲ့မယ်ဆိုရင် အရေးယူခံရမယ်လို့ စည်းမျည်းထုတ်ထားခဲ့ပါတယ်”တောင်အမေရိကဘောလုံးအဖွဲ့ချုပ်က ပြောကြားခဲ့ပါတယ်။

စည်းမျည်းချိုးဖောက်မှုကြောင့် အာဂျင်တီးနားအသင်းဟာ ဒေါ်လာ ၁၅၀၀၀ လည်း ဒဏ်ကြေပေးဆောင်ရမှာဖြစ်ပါတယ်။ “သူ(စကာလိုနီ)က အခြေအနေတွေကို အေးဆေးဖြေရှင်းနေပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ မှန်ကန်တဲ့ဝန်ထမ်းတွေရှိနေတာကြောင့်ပါ။ ၆ နှစ်အတွင်းမှာ ဒီလိုဖြစ်ရပ်မျိုးမရှိခဲ့ပါဘူး။ ဒါပေမယ့် သူ့အတွက်တော့ ခါးသီးတဲ့အရာပါ။ မနက်ဖြန်မှာ သူကအသင်းနဲ့အတူရှိနေချင်ပါတယ်”လို့ ဆမ်မြူရယ်က ပြောကြားခဲ့ပါတယ်။

ချီလီနည်းပြ ရီကာဒိုကလည်း အခုလိုမျိုးကွင်းထဲပြန်လာဖို့ နောက်ကျခဲ့တာကြောင့် အရေးယူခံခဲ့ရသေးတာဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းဘက်က ပီရူးနဲ့ပွဲကို အလှည့်အပြောင်းတွေပြုလုပ်ဖို့ ပြင်ဆင်နေပြီး ပွဲထွက်ခွင့်မရသေးတဲ့ ကစားသမားတွေကို အသုံးပြုဖို့ ပြင်ဆင်နေပါတယ်။