
မက်ဒရစ်ဆီပြောင်းရွှေ့လာမှုကြောင့် စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှု ကို ခံစားရတယ်လို့ ဆိုလာတဲ့ အမ်ဘာပေ
အမ်ဘာပေက မက်ဒရစ်ဆီပြောင်းရွှေ့လာမှုကြောင့် စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှု ရရှိခဲ့ပြီး ဘောလုံးရာသီကို အတောက်ပဆုံးစတင်ထားနိုင်မှုဟာ ဒီအချက်ကို သက်သေပြပေးနေတယ်လို့ ပြောခဲ့ပါတယ်။ ပြင်သစ်တိုက်စစ်မှူးက ကလပ်အသင်းနဲ့ နိုင်ငံ့လက်ရွေးစင်အသင်းအတွက် စုစုပေါင်း ၁၄ ပွဲကစားရာမှာ ၁၆ ဂိုးအထိ သွင်းယူပေးထားပြီး စပိန်နိုင်ငံရဲ့မြို့တော်မှာ ဖြတ်သန်းရမယ့် ဒုတိယမြောက်ဘောလုံးရာသီအတွက် အခုအချိန်အထိ သူဂိုးမသွင်းယူနိုင်တဲ့ပွဲစဉ်တစ်ခုတည်းသာ ရှိပါတယ်။
အမ်ဘာပေက ယမန်နှစ်၊ ပီအက်စ်ဂျီမှပြောင်းရွှေ့လာပြီးနောက်ပိုင်း အခုလိုသွင်းဂိုးအရေအတွက်ကို ရရှိဖု့ိ ဇန်နဝါရီလအလယ်လောက်အထိ ကြိုးစားခဲ့ရပါတယ်။ အသက်-၂၆ နှစ်အရွယ်ကစားသမားကတော့ မွေးရပ်မြေနဲ့ဝေးကွာနေရတဲ့ဘဝဟာ သူ့အတွက် ပိုမိုလွယ်ကူစေတယ်လို့ ဆိုပါတယ်။ အဇာဘိုင်ဂျန်နဲ့ရင်ဆိုင်ရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲမတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲအတွင်း အမ်ဘာပေက “ ကျွန်တော်တော့ မက်ဒရစ်မှာ ကောင်းကောင်းအခြေကျသွားပါပြီ။ အဲ့ဒီနေရာမှာ ကျွန်တော့်အတွက် အနည်းငယ်စိတ်အေးလက်အေး ရှိစေပါတယ်။
ဒါက ပြင်သစ်ကိုတိုက်ခိုက်တာ မဟုတ်ပါဘူး။ လူနေမှုပုံစံကွဲပြားသလို ပါရီမှာထက် အလုပ်ရှုပ်ရတာ သက်သာပါတယ်။ စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုကို ခံစားနေရပါပြီ”လို့ ပြောပါတယ်။ ဗုဒ္ဓဟူးနေ့အထိ ခြေကျင်းဝတ်ဒဏ်ရာကြောင့် တစ်ဦးတည်းသီးသန်လေ့ကျင့်ခန်းဆင်းရာမှ ကြံ့ခိုင်မှုပြည့်ဝပြီလို့ ကြေညာခဲ့တဲ့ အမ်ဘာပေက ပြီးခဲ့တဲ့လ၊ အိုင်ယာလန်နဲ့ပွဲစဉ်မှာ နိုင်ငံ့လက်ရွေးစင်ကစားသမားဘ၀ ၅၂ ဂိုးမြောက်ကို ရယူပြီး ပြင်သစ်လက်ရွေးစင်အသင်းအတွက် ဒုတိယမြောက်သွင်းဂိုးအများဆုံးကစားသမားဆိုတဲ့ အွန်နရီရဲ့စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
အခုအချိန်မှာတော့ သူက ဂျီရူး(၅၇ ဂိုး)ရဲ့စံချိန်ကို ကျော်ဖြတ်နိုင်ဖို့ အလားအလာကောင်းနေပေမဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲအဆင့်မှာ ပြင်သစ်အသင်း အုပ်စုဗိုလ်နေရာနဲ့ ခြေစစ်ပွဲအောင်မြင်ရေးကိုသာ ပိုမိုအာရုံစိုက်နေပါတယ်။ အမ်ဘာပေက “ စံချိန်ချိုးနိုင်ဦးမယ်လို့ ထင်ပါတယ်။ ဘယ်အချိန်လဲဆိုတာတော့ ကျွန်တော် မသိပါဘူး။ ဒီအကြောင်းအရာကို မစဉ်းစားထားပါဘူး။ မနက်ဖြန်လည်း ဖြစ်နိုင်သလို အချိန်အကြာကြီးစောင့်ဆိုင်းရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အရေးအကြီးဆုံးအရာကတော့ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ဖို့ပါပဲ။ ဒါဆိုရင် စံချိန်ချိုးဖျက်မှုလည်း အလိုအလျောက် ဖြစ်လာပါလိမ့်မယ်။
ဒီအတိုင်းဖြစ်လာမယ်ဆိုရင် ကျွန်တော်ပျော်ရွှင်မိပါလိမ့်မယ်။ လုပ်စရာတွေလည်း ရှိနေသေးလို့ ကျွန်တော် ရှေ့ဆက်သွားရပါမယ်။ ဒါပေမဲ့ ယူကရိန်းကိုသရေကစားခဲ့တဲ့ အဇာဘိုင်ဂျန်နဲ့ရင်ဆိုင်ရချိန်မှာတော့ ကျွန်တော်တို့တွေ ပေါ့ဆလို့ မရပါဘူး။ ထင်ကြေးပေးမှုတွေက သွင်းဂိုးတွေထက်တောင် ပိုများနေပါသေးတယ်”လို့ ပြောပါတယ်။