The network connection is lost.

Banner Image

ဆဲလ်ဘတ်နဲ့ ကလပ်ကမ္ဘာ့ဖလားပွဲစဉ်မှာ ပါဝင်ကစားနိုင်ဖွယ်ရှိတဲ့ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်အမ်ဘာပေ

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ကလပ်ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်နှစ်ခုကို လွဲချော်ပြီးနောက် ဆဲလ်ဘတ်နဲ့ရင်ဆိုင်ရမယ့် ကြာသပတေးနေ့ပွဲစဉ်မှာ အမ်ဘာပေ ပြန်လည်ပါဝင်လာနိုင်တယ်လို့ နည်းပြဇာဘီအလွန်ဆိုရဲ့ပြောစကားအရ သိရပါတယ်။ ပါချူကာကို ၃-၁ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ ပွဲစဉ်အပြီး အလွန်ဆိုက “ အမ်ဘာပေပြန်လာနိုင်ဖို့အတွက် ကျွန်တော်တို့လည်း မျှော်လင့်နေပါတယ်။ နေ့စဉ်စောင့်ကြည့်သွားဖို့ပဲ လိုအပ်ပါတယ်”လို့ ပြောပါတယ်။

အမ်ဘာပေက အစာအိမ်ဝေဒနာ ပြင်းပြင်းထန်ထန်ခံစားခဲ့ရပြီးနောက် ကြာသပတေးနေ့မှာ ဆေးရုံဆင်းခွင့် ရရှိခဲ့ပါတယ်။ သူက အဖျားဝေဒနာတစ်ခုကြောင့် ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်နဲ့ တစ်ဖက်တစ်ဂိုးစီသရေကျတဲ့ စပိန်ဘီလူးကြီးရဲ့ကလပ်ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်ကို လွဲချော်ခဲ့ပါတယ်။ ဒါကြောင့် အမ်ဘာပေရဲ့နေရာမှာ ရီးရဲလ်မက်ဒရစ်အကယ်ဒမီကြယ်ပွင့် ဂွန်ကာလိုဂါစီယာပါဝင်ကစားခဲ့ပြီး အယ်လ်ဟီလယ်နဲ့ပွဲစဉ်အတွင်း အဖွင့်ဂိုးသွင်းယူပေးခဲ့သလို ပါချူကာနဲ့ပွဲစဉ်မှာလည်း ပွဲထွက်ခွင့်ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ဂိုးသွင်းဘုရင်ဖြစ်တဲ့ အမ်ဘာပေက အခုကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း စောင့်ကြည့်ချင်စရာအကောင်းဆုံးကစားသမားတွေအနက် တစ်ဦးအဖြစ် ပါဝင်နေပါတယ်။ သူက ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၄၃ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်က ရှုံးထွက်အဆင့်တက်ရောက်နိုင်ရေးအတွက် ဆဲလ်ဘတ်နဲ့ရင်ဆိုင်ရတဲ့ အုပ်စုအပိတ်ပွဲစဉ်မှာ အနည်းဆုံးသရေတစ်မှတ်ရရှိဖို့ လိုအပ်ပါတယ်။