The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်ရဲ့နံပါတ်-၁ အဖြစ် စီရော်နယ်ဒို ဆက်ရှိနေဆဲပဲလို့ ဖွင့်ဟလိုက်တဲ့ အမ်ဘာပေ

အမ်ဘာပေက စီရော်နယ်ဒိုဆိုတာ ရီးရဲလ်မက်ဒရစ်ကလပ်အသင်းရဲ့နံပါတ်-၁ အဖြစ် ရှိနေဆဲပါလို့ ထုတ်ဖော်ပြောဆိုလိုက်ပြီး ကလပ်အသင်းသမိုင်းတလျှောက်သွင်းဂိုးအများဆုံးကစားသမားကို စံနမူနာပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ကာ အယ်လ်နာဆာကြယ်ပွင့်ဆီမှ အကြံဉာဏ်တွေ တောင်းခံထားတယ်လို့ ဖွင့်ဟဝန်ခံခဲ့ပါတယ်။

အမ်ဘာပေရဲ့ကလေးဘဝစံပြအကျော်အမော်တစ်ဦးဖြစ်တဲ့ စီရော်နယ်ဒိုက ၂၀၀၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ရီးရဲလ်မက်ဒရစ်မှာ ဘောလုံးရာသီကိုးခုကြာ ဖြတ်သန်းခဲ့ပြီး သွင်းဂိုး ၄၅၀ နဲ့အတူ ချန်ပီယံလိဂ်အပါအဝင် ဆုဖလား ၁၆ လုံး ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အခုအချိန်မှာတော့ အမ်ဘာပေက စီရော်နယ်ဒိုရဲ့ခြေရာအတိုင်း လျှောက်လှမ်းနိုင်ဖို့ မျှော်လင့်နေပြီး ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ၊ ဘာနေဗျူးပွဲဦးထွက်ရာသီမှာ ၄၄ ဂိုးသွင်းယူခဲ့သလို အခုဘောလုံးရာသီမှာလည်း ၁၄ ဂိုးအထိ သွင်းယူထားနိုင်ပါတယ်။

တနင်္ဂနွေနေ့၊ Movistar နဲ့ ရုပ်သံအင်တာဗျူးတစ်ခုမှာ အမ်ဘာပေက “ စီရော်နယ်ဒိုဆိုတာ ကျွန်တော့်အတွက် စံပြပုဂ္ဂိုလ်တစ်ဦးအဖြစ် အမြဲတမ်းတည်ရှိခဲ့ပြီးပါပြီ။ သူနဲ့အတူ စကားပြောခွင့်ရရှိလို့ ကျွန်တော်ကံကောင်းခဲ့ပြီး အကြံဉာဏ်တွေ ရရှိသလို အကူအညီတွေလည်း ရရှိပါတယ်။ ကျွန်တော့်အမြင်အရ မက်ဒရစ်မှာ သူက နံပါတ်-၁ ဖြစ်နေဆဲလို့ ထင်ပါတယ်။ အများကြီးလုပ်ပြခဲ့တဲ့သူက ရီးရဲလ်မက်ဒရစ်ကစားသမားတိုင်းအတွက် ရည်ညွှန်းချက်ဖြစ်ပါတယ်။ ပရိသတ်တွေဆီမှာလည်း စီရော်နယ်ဒိုနဲ့ပတ်သက်တဲ့ အိပ်မက်တွေ ရှိနေဆဲပါပဲ။ ဒါပေမဲ့ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ကိုယ်ပိုင်လမ်းကြောင်းကိုသာ လျှောက်လှမ်းချင်ပါတယ်”လို့ ပြောပါတယ်။

အမ်ဘာပေက သောကြာနေ့၊ အဇာဘိုင်ဂျန်ကို ၃-၀ ဂိုးဖြင့် ပြင်သစ်အသင်းအနိုင်ရရှိတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပေမဲ့ ခြေကျင်းဝတ်ဒဏ်ရာနဲ့အတူ ပွဲချိန်နှောင်းပိုင်းမှာ လူစားလဲထွက်ခွာခဲ့ပါတယ်။ လက်ရှိမှာ ပြင်သစ်က ၂၀၂၆ ကမ္ဘာ့ဖလားချန်ပီယံဆုကို ဆွတ်ခူးနိုင်ဖို့ ရေပန်းအစားဆုံးအသင်းတွေအနက် ပါဝင်နေပေမဲ့ အမ်ဘာပေကတော့ စပိန်ကိုသာ အဓိကရေပန်းစားသူအဖြစ် ရှုမြင်ထားပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲအဆင့်အထိ တက်ရောက်နိုင်ခဲ့တဲ့ အမ်ဘာပေက “ ကျွန်တော့်အတွက်တော့ အခုအချိန်မှာ စပိန်ကသာ ဥရောပရဲ့အကောင်းဆုံးအသင်း ဖြစ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ဖလားဆိုတာ မတူညီတဲ့ဇာတ်လမ်းဇာတ်ကွက်မျိုးပါပဲ”လို့ ပြောပါတယ်။ မက်ဒရစ်မှာတော့ အမ်ဘာပေနဲ့ အသင်းဖော်ဗင်နီးစီးယက်စ်တို့ရဲ့ဆက်ဆံရေးက စိစစ်သုံးသပ်မှုတွေအောက် ရောက်ရှိနေပြီး ဘယ်ခြေအားသန်တိုက်စစ်မှူးနှစ်ဦးကို တပြိုင်နက်ပွဲထွက်ခွင့်ပေးနိုင်မလားဆိုတဲ့ မေးခွန်းထုတ်မှုအချို့လည်း ရှိလာစေပါတယ်။

ဗင်နီးစီးယက်စ်အကြောင်း မေးမြန်းလာမှုကို အမ်ဘာပေက “ အသင်းတစ်ခုတည်းမှာ နာမည်ကြီးကစားသမားနှစ်ဦးရှိနေမယ်ဆိုရင် သတင်းစာတွေ ရောင်းအားကောင်းပါတယ်။ ဒါပေမဲ့ တကယ့်အမှန်တရားကတော့ ကျွန်တော်နဲ့ ဗင်နီးစီးယက်စ်အကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခု ရှိထားတယ်ဆိုတာပါပဲ။ ကျွန်တော်တို့အချင်းချင်းလည်း ပိုပြီးသိကျွမ်းလာလို့ ဒီနှစ်မှာဆိုရင် ဆက်ဆံရေး ပိုကောင်းလာပါတယ်”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။