
အမ်ဘာပေက ရော်နယ်ဒိုရဲ့အဆင့်အထိ ရောက်နိုင်တယ်လို့ ပြောကြားလာတဲ့ အန်ဆယ်လော့တီ
ရီးရဲလ်မက်ဒရစ်နည်းပြ ကားလို့စ်အန်ဆယ်လော့တီက ယနေ့နံနက်က မန်စီးတီးကို ၃-၁ နဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပလေးအော့ဖ် ဒုတိယအကျော့ပွဲစဉ်မှာ အသင်းအတွက် ဟက်ထရစ်သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ခီလီယန်အမ်ဘာပေကို ချီးကျူးပြောဆိုမှုတွေပြုလုပ်လာခဲ့ပြီး ပြင်သစ်သားဟာ ကလပ်ဂန္ထဝင် ခရစ္စတီယာနိုရော်နယ်ဒိုရဲ့အဆင့်အထိ ရောက်နိုင်တယ်လို့ ခန့်မှန်းပြောကြားလိုက်ပါတယ်။
အန်ဆယ်လော့တီက အမ်ဘာပေဟာ အလွန်အလားအလာရှိတဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်ကြောင်းနဲ့ ရီးရဲလ်မက်ဒရစ်သမိုင်းတစ်လျှောက် ၄၃၈ ပွဲမှာ ၄၅၁ ဂိုးအထိသွင်းယူခဲ့တဲ့ အသင်းရဲ့ဂိုးသွင်းအများဆုံးကစားသမား ရော်နယ်ဒိုလိုဖြစ်နိုင်တယ်လို့ဆိုပါတယ်။ အန်ဆယ်လော့တီက "အမ်ဘာပေမှာ ဂိုးတွေအများကြီးသွင်းနိုင်ဖို့ အရည်အသွေးကောင်းကောင်းရှိပါတယ်။ ဒါပေမယ့် အလုပ်ကြိုးစားသွားရပါဦးမယ်။ ဘာကြောင့်လဲဆိုတော့ ရော်နယ်ဒိုက အရမ်းမြင့်တဲ့စံချိန်တစ်ခုကို အသင်းမှာချန်ထားခဲ့လို့ပါ။ ဘာပဲဖြစ်ဖြစ် အမ်ဘာပေအနေနဲ့ ရော်နယ်ဒိုရဲ့အဆင့်အထိရောက်ဖို့ အလားအလာရှိပါတယ်"
"လူတိုင်းက သူ့ရဲ့ဟက်ထရစ်သွင်းဂိုးကို စောင့်မျှော်နေခဲ့ကြတာဖြစ်ပြီး အခုတော့ ရောက်ရှိခဲ့ပါပြီ။ ဒါပေမယ့် အသင်းမှာ အခြားကစားသမားကောင်းတွေလည်းအများကြီးရှိနေပါသေးတယ်။ ကစားသမားတိုင်းက အရည်အသွေးကိုယ်စီနဲ့ အသင်းကိုကူညီပေးထားနိုင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
မန်စီးတီးကို နှစ်ကျော့ပေါင်းရလဒ် ၆-၃ နဲ့အနိုင်ယူကျော်ဖြတ်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ဟာ ရှုံးထွက် ၁၆ သင်းအဆင့်မှာတော့ လေဗာကူဆင် ဒါမှမဟုတ် အက်သလက်တီကိုနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ ဆက်လက်ပြီး အန်ဆယ်လော့တီက "မန်စီးတီးကို ကျော်ဖြတ်နိုင်ခဲ့ပေမယ့် အသင်းအတွက် အပြုသဘောဆောင်တဲ့အချက် သိပ်မရှိဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ၁၆ သင်းအဆင့်ကိုရောက်ဖို့ စုစုပေါင်း ၁၀ ပွဲအထိကစားခဲ့ရလို့ပါ" "၁၆ သင်းအဆင့်က ကျွန်တော်တို့ရဲ့ပန်းတိုင်မဟုတ်လို့ အခုချိန်မှာ ရပ်နားဖို့ အစီအစဉ်မရှိပါဘူး။ အသင်းအတွက် ချန်ပီယံလိဂ်ပြိုင်ပွဲက အခုမှစတင်မှာပါ။ ပုံစံကောင်းကိုထိန်းသိမ်းပြီး ရှေ့ဆက်သွားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။