အာဆင်နယ်သို့ ပြောင်းရွှေ့မည့် သတင်းများအပေါ် "၁၀၀၀ ရာခိုင်နှုန်း လုံးဝမဟုတ်ဘူး" ဂျူလီယန် အယ်လ်ဗာရက်ဇ် ပြတ်ပြတ်သားသား တုံ့ပြန်
အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး ဂျူလီယန် အယ်လ်ဗာရက်ဇ်က ယခုနွေရာသီမှာ အပြောင်းအရွှေ့သတင်းတွေ ပူပူနွေးနွေး ထွက်ပေါ်နေတဲ့ အာဆင်နယ်အသင်းဆီကို သတင်းစကားတစ်ခု ပါးလိုက်ပါတယ်။
၂၂ နှစ်ကြာ ပရီးမီးယားလိဂ်ဖလား ငတ်မွတ်မှုကို အဆုံးသတ်နိုင်ခဲ့ပြီးနောက် အာဆင်နယ်အသင်းဟာ လာမယ့်ရာသီသစ်မှာ သူတို့ရဲ့ ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့အတွက် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းကို အင်အားဖြည့်တင်းဖို့ ရည်ရွယ်နေတာပါ။
အသက် ၂၆ နှစ်အရွယ် အယ်လ်ဗာရက်ဇ်ဟာ ချယ်လ်ဆီး၊ ဘာစီလိုနာတို့နဲ့ သတင်းထွက်နေသလို အခုဆိုရင် ဗစ်တာဂျိုကော်ရက်စ်နဲ့အတူ တွဲဖက်ကစားဖို့ ကမ္ဘာ့အဆင့်မီ တိုက်စစ်မှူးတစ်ယောက် ရှာဖွေနေတဲ့ အာဆင်နယ်အသင်းနဲ့ပါ နာမည်ထွက်လာတာ ဖြစ်ပါတယ်။
ဒါဟာ ကမ္ဘာ့ဖလားချန်ပီယံ အယ်လ်ဗာရက်ဇ်အတွက် ဂါဘရီယယ်လ် ဂျေးဇူးနဲ့ ကိုင်ဟာဗက်ဇ်တို့က နေရာဖယ်ပေးရပြီး အသင်းကနေ ထွက်ခွာသွားရနိုင်တယ်လို့ အဓိပ္ပာယ်ရနေပါတယ်။ ဒါပေမဲ့ အယ်လ်ဗာရက်ဇ်ကတော့ အပြောင်းအရွှေ့သတင်းတွေဟာ "၁၀၀၀ ရာခိုင်နှုန်း လုံးဝမဟုတ်ဘူး" နဲ့ "အဓိပ္ပာယ်မရှိတဲ့ သတင်းတွေပဲ" လို့ ဒီလအစောပိုင်းမှာ ပြောကြားခဲ့ဖူးပါတယ်။
ဒီတစ်ပတ်မှာလည်း အပြောင်းအရွှေ့သတင်းတွေနဲ့ ပတ်သက်ပြီး ထပ်မံမေးမြန်းချိန်မှာတော့ အက်သလက်တီကို ကြယ်ပွင့်က သူ့ရဲ့ အနာဂတ်အတွက် ပြတ်သားတဲ့ သတင်းစကားတစ်ခုပါးပြီး အပြောင်းအရွှေ့သတင်းတွေကို ထပ်မံငြင်းဆိုလိုက်ပါတယ်။
"ကျွန်တော်ကတော့ အဲဒီသတင်းတွေအတွက် အချိန်ကုန်မခံဘဲ အက်သလက်တီကိုမှာ လုပ်စရာရှိတာတွေကိုပဲ အာရုံစိုက်နေပါတယ်။ မီဒီယာတွေမှာ ပြောနေတာတွေကို သိပ်ပြီး အလေးမထားဖို့ ကြိုးစားပါတယ်။ ဘာလို့လဲဆိုတော့ တစ်ခါတလေကျရင် အဲဒီသတင်းတွေက လိမ်ညာမှုတွေ တစ်စထက်တစ်စ ပိုများလာတတ်လို့ပါပဲ။ ထွက်လာသမျှ သတင်းတိုင်းကို လိုက်ပြီး ရှင်းပြနေဖို့ ဒါမှမဟုတ် ငြင်းဆိုနေဖို့ဆိုတာ ကျွန်တော့်အတွက် မဖြစ်နိုင်ပါဘူး" လို့ ၎င်းက ဆိုပါတယ်။
အယ်လ်ဗာရက်ဇ်ဟာ အက်သလက်တီကိုမှာ နှစ်ရာသီအတွင်း ဆုဖလား မရရှိသေးပေမဲ့ ပွဲပေါင်း ၁၀၆ ပွဲမှာ ၄၉ ဂိုးသွင်းယူကာ ၁၇ ဂိုး ဖန်တီးပေးထားပါတယ်။ သူဟာ ဥရောပရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ယောက်ဖြစ်တာကြောင့် အပြောင်းအရွှေ့ကာလမှာ ကလပ်အသင်းတော်တော်များများက သူ့ကို စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။