အာဆင်နယ်သာ ခံစစ်ပိတ်ကစားရင် ပီအက်စ်ဂျီက ၅ ဂိုးပြတ်လောက်သွင်းသွားလိမ့်မယ်လို့ အီဗရာသတိပေး
မန်ချက်စတာယူနိုက်တက် ဂန္တဝင်ကစားသမား ပတ်ထရစ်အီဗရာက ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပီအက်စ်ဂျီအသင်းအနေနဲ့ အာဆင်နယ်ကို အပြတ်အသတ် အနိုင်ယူသွားနိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။
အာဆင်နယ်နဲ့ ပီအက်စ်ဂျီတို့ဟာ လာမယ့်သီတင်းပတ်ကုန်မှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် ဘူဒါပက်မြို့မှာ ရင်ဆိုင်ကစားကြမှာဖြစ်ပြီး ခြေစွမ်းပြနေတဲ့ အသင်းနှစ်သင်းရဲ့ စိတ်လှုပ်ရှားစရာပွဲကောင်းတစ်ပွဲ ဖြစ်လာမှာပါ။
အာဆင်နယ်က သူတို့ရဲ့ ပထမဆုံးသော ဥရောပဖလားကို ရယူဖို့ ရည်မှန်းထားပြီး ပီအက်စ်ဂျီကတော့ အခုအချိန်အထိ ပြိုင်ပွဲမှာ အသာစီးရထားတဲ့ သူတို့ရဲ့ ချန်ပီယံဆုကို ကာကွယ်ဖို့ မျှော်လင့်နေပါတယ်။
လူးဝစ်င်းနရစ်ကေးရဲ့ ပီအက်စ်ဂျီအသင်းဟာ ဗိုလ်လုပွဲအတွက် ပြင်ဆင်ချိန် ၁၃ ရက်အထိ ရရှိထားပေမဲ့ အာဆင်နယ်ကတော့ ပြီးခဲ့တဲ့ပတ်ကုန်က ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်ခဲ့ရတာကြောင့် ပြင်ဆင်ချိန် ၆ ရက်ပဲ ရရှိမှာဖြစ်ပါတယ်။
ပွဲနီးလာတာနဲ့အမျှ အီဗရာက GOAL နဲ့ အင်တာဗျူးမှာ ပြင်သစ်ထိပ်သီး ပီအက်စ်ဂျီကို ရင်ဆိုင်တဲ့အခါ အာဆင်နယ်အနေနဲ့ ဘာတွေမလုပ်မိဖို့ လိုအပ်သလဲဆိုတာကို အခုလို အကြံပေးခဲ့ပါတယ်။
"ပီအက်စ်ဂျီက လက်ရှိဘောလုံးလောကကို စိုးမိုးထားနိုင်တယ်လို့ ကျွန်တော်ထင်တယ်။ အာဆင်နယ်အနေနဲ့ ပွဲကို ပွင့်ပွင့်လင်းလင်း ကစားဖို့ မျှော်လင့်ပါတယ်။ အရင်လိုမျိုး ခံစစ်ပိတ်ပြီး (Park the bus) ကစားမယ်ဆိုရင်တော့ ဗိုလ်လုပွဲမှာ အင်တာမီလန်ကို လုပ်ခဲ့သလိုမျိုး ပီအက်စ်ဂျီက ၅ ဂိုးလောက်အထိ သွင်းသွားပါလိမ့်မယ်။ အင်တာမီလန်က ခံစစ်ကစားရာမှာ ဆရာကျတဲ့သူတွေဖြစ်ပေမဲ့ အဲ့ဒီတုန်းက ပီအက်စ်ဂျီက ဂိုးတွေအများကြီးသွင်းခဲ့တာကြောင့် ကျွန်တော် တော်တော်လေး အံ့ဩခဲ့ရတယ်" လို့ အီဗရာက ဆိုပါတယ်။
"အော့စမန်ဒမ်ဘီလီအပါအဝင် ပီအက်စ်ဂျီကစားသမားတွေ အဆင်သင့်ဖြစ်နေမယ်ဆိုရင် အာဆင်နယ်ကို ဖျက်ဆီးပစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ အခုတော့ သူတို့ (အာဆင်နယ်) က ပရီးမီးယားလိဂ်ကို ရသွားပြီဆိုတော့ အာဆင်နယ်ပရိသတ်တွေအတွက် ချန်ပီယံလိဂ်ကို ထပ်ရတာက ဘောနပ်စ်တစ်ခုလို ဖြစ်နေမှာပါ။ ၂၂ နှစ်တောင် စောင့်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ကို ရလိုက်တာက အကြီးမားဆုံး အောင်မြင်မှုဖြစ်လို့ ချန်ပီယံလိဂ် မရခဲ့ရင်တောင် သူတို့ ဝမ်းနည်းနေမှာ မဟုတ်ပါဘူး။ ချန်ပီယံလိဂ်ပါ ရခဲ့မယ်ဆိုရင်တော့ ဒါဟာ တကယ့်ကို ပြည့်စုံသွားတဲ့ ရလဒ်မျိုး ဖြစ်လာမှာပါ" လို့ ၎င်းက ဆက်ပြောပါတယ်။
အာဆင်နယ်အနေနဲ့ ပီအက်စ်ဂျီဆီက ရလဒ်ကောင်းရဖို့ အစွမ်းကုန် ကြိုးစားရမှာဖြစ်ပြီး ဒါဟာ ဥရောပချန်ပီယံဆုအတွက် နှစ်သင်းစလုံး တိုက်ပွဲဝင်ကြမယ့် ပွဲစဉ်ဖြစ်တာကြောင့် ကြည့်ရှုသူတွေအတွက်တော့ အလွန်စိတ်လှုပ်ရှားစရာ ကောင်းနေမှာ ဖြစ်ပါတယ်။