
အသင်းဟောင်းဟာ ကတိမတည်ခဲ့ဘူးလို့ ဝေဖန်ပြောကြားလိုက်တဲ့ မာတစ်
ယူနိုက်တက်စတားဟောင်း မာတစ်က ရိုးမားအသင်းဟာ ကတိတွေကိုချိုးဖျက်ခဲ့သလို လေးစားမှုမရှိခဲ့ဘူးလို့ ဝေဖန်ပြောကြားလိုက်ပါတယ်။ ချဲလ်ဆီး နဲ့ ယူနိုက်တက်စတားဟောင်းဟာ မော်ရင်ဟို နဲ့ ပရိသတ်တွေအတွက် ရိုးမားအသင်းထံပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ အခုလက်ရှိဆက်ဆူအိုလိုမှာကစားနေတဲ့ မာတစ်က ရိုးမားအသင်းအကြောင်း ပြန်လည်ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။
မာတစ်ဟာ ၂၀၂၂ - ၂၃ ရာသီတုန်းက ရိုးမားအသင်းမှာတစ်ရာသီကစားခဲ့တာဖြစ်ပြီး ၅ နှစ်ကြာကစားခဲ့တဲ့ ယူနိုက်တက်ကို စွန့်ခွာခဲ့တာဖြစ်ပါတယ်။ ရိုးမားအသင်းဘက်က ၁ နှစ်စာချုပ်ပဲကမ်းလှမ်းခဲ့ပေမယ့် မော်ရင်ဟိုရဲ့ကတိအပြင် ရည်မှန်းချက်ရှိတဲ့ပရောဂျက်ကြောင့် မာတစ်က ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
အခုချိန်မှာတော့ စကိုင်းစပေါ့တ်နဲ့အင်တာဗျူးမှာ မာတစ်က ရိုးမားအသင်းရဲ့လေးစားမှုမရှိတဲ့အနေအထားကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
“ကျွန်တော် ယူနိုက်တက်ကနေထွက်ခွာပြီး ရိုးမားကိုရွေးချယ်တုန်းက ၁ နှစ်စာချုပ်ကို လက်ခံခဲ့တာပါ။ ကျွန်တော့်ကို ကမ်းလှမ်းတဲ့အသင်းတွေအများကြီးရှိခဲ့ပြီး ပထမကမ်းလှမ်းတုန်းကတော့ ကျွန်တော့်ဘက်က လက်မခံခဲ့ပါဘူး။ အဲ့နောက် မော်ရင်ဟိုနဲ့စကားပြောဆိုပြီးနောက် ကျွန်တော်အဆုံးသတ်မှာ ရိုးမားကို ရွေးချယ်ခဲ့ပါတယ်။ သူတို့က ဇန်နဝါရီမှာ စာချုပ်သက်တမ်းတိုးမယ်လို့ ပြောခဲ့ပေမယ့် ဘာမှမဖြစ်လာခဲ့ပါဘူး။
ကျွန်တော့်အမြင်အရ ကျွန်တော်ရိုးမားအသင်းမှာ အကောင်းဆုံးကစားခဲ့ပါတယ်။ ကျွန်တော့်ကိုပြောခဲ့တုန်းက တကယ်လို့ပွဲတွေရဲ့ ၅၀% ကစားခဲ့မယ်ဆိုရင် အလိုလျောက်သက်တမ်းတိုးမယ်လို့ ပြောခဲ့တာပါ။ ဒါပေမယ့် အဲ့သဘောတူညီမှုက ဘာမှမဖြစ်လာခဲ့ပါဘူး။ ကျွန်တော်က လာခြေစမ်းသလိုဖြစ်နေတယ်လို့ ခံစားခဲ့ရပါတယ်။ လေးစားမှုနဲ့ ကျွန်တော်က ထိုက်တန်ခဲ့ပါတယ်။
အဲ့နောက် ကျွန်တော် အသင်းနဲ့စကားပြောဆိုပြီး ရာသီအကုန်အထိ ပေးဆပ်ကစားမယ်လို့ ပြောခဲ့ပါတယ်။ ရာသီအကုန်မှာ ကျွန်တော်တို့ လမ်းခွဲခဲ့ကြပါတယ်။ ကျွန်တော့်မှာပြဿနာမရှိပါဘူး။ ဒါပေမယ့် လူတွေက သူတို့ကတိကို မထိန်းကြပါဘူး။ ပရိသတ်တွေဘက်ကတော့ချစ်မပျက်ခဲ့သလို အသင်းထက်တောင် ကျွန်တော့်ကိုလေးစားမှုလည်းရှိခဲ့ပါတယ်။ ဒီနေ့မတိုင်ခင် ကျွန်တော်ဒီအကြောင်း ဘယ်တုန်းကမှပြောဖို့မရှိခဲ့ပါဘူး။ ဒါပေမယ့် ၃ နှစ်အကြာမှာ ကျွန်တော်ပြောခဲ့ပါပြီ။
ဘာလို့လဲဆိုတော့ ဒါရိုက်တာတွေက ဒီအသင်းမှာမရှိတော့တာကြောင့်ပါ။ ကျွန်တော် သူတို့မမျှတသလိုဖြစ်မှာ မလိုချင်ပါဘူး။ ဒါပေမယ့် ကျွန်တော်က လေးစားမှုနဲ့တော့ ပိုမိုထိုက်တန်ခဲ့ပါတယ်”လို့ မာတစ်က ဖြေကြားခဲ့ပါတယ်။အသက် ၃၇ နှစ်ရှိနေပြီဖြစ်တဲ့ မာတစ်ဟာ ရိုးမားအသင်းအတွက် ပွဲ ၅၀ ပါဝင်ကစားခဲ့ပါတယ်။ အဲ့နောက် ပြင်သစ်မြေ လိုင်ယွန်ထံပြောင်းရွှေ့ခဲ့ပေမယ့် ၁ ရာသီခွဲအကြာမှာ ဆက်ဆူအိုလိုအသင်းထံပြောင်းရွှေ့ခဲ့ပါတယ်။
အခုချိန်မှာတော့ ဆက်ဆူအိုလိုအတွက် မာတစ်ဟာ စွမ်းဆောင်ရည်ကောင်းတွေဆက်လက်ပြသနေကာ ဗီရိုနာကို ၁-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းခေါင်းဆောင်လက်ပတ်ဝတ်ဆင်ကစားခဲ့ပါတယ်။