The network connection is lost.

Banner Image

အပြောင်းအရွှေ့အတွက် ဆေးမစစ်မီ ယူနိုက်တက်နဲ့ အောင်မြင်မှုတွေသိမ်းပိုက်လိုကြောင်း ကွန်ဟာပြောကြား

ဝုဗ်တောင်ပံကစားသမား မားသီးယက်စ်ကွန်ဟာဟာ မန်ချက်စတာယူနိုက်တက်သို့ပြောင်းရွှေ့ဖို့ အလုံးစုံသဘောတူညီမှုရရှိခဲ့ပြီဖြစ်ပြီး ယခုအခါမှာတော့ ဆေးစစ်မှုမပြုလုပ်ခင် နည်းပြရူဘင်အာမိုရင်နဲ့အတူ အောင်မြင်မှုတွေရရှိလိုကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ 

ဘရာဇီးသားဟာ မကြာသေးမီရက်သတ္တပတ်တွေမှာကတည်းက အိုးလ်ထရက်ဖို့ဒ်သို့ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ထားခဲ့ပြီး ယခုအခါမှာတော့ ယူနိုက်တက်က စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆၂.၅ သန်းနဲ့သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။ 

သတင်းတွေအရ ယူနိုက်တက်နဲ့ ကွန်ဟာတို့ဟာ ၅ နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကို ချုပ်ဆိုသွားမယ်လို့သိရပြီး ကစားသမားဟာ ကျောနံပါတ် ၁၀ ကိုဝတ်ဆင်ဖို့ စိတ်အားထက်သန်နေပါတယ်။ ယူနိုက်တက်အနေနဲ့ ကစားသမားအတွက် ပြောင်းရွှေ့ကြေးကိုတော့ပေါင် ၆၂.၅ သန်းစလုံး တစ်ခါတည်းပေးချေသွားမှာမဟုတ်ဘဲ ကနဦးပြောင်းရွှေ့ကြေး ပေါင် ၂၀.၈ သန်းအရင်ပေးချေသွားမှာဖြစ်ပါတယ်။ 

အစောပိုင်းမှာ ကွန်ဟာကိုရောင်းချဖို့အတွက် ဝုဗ်အနေနဲ့ သဘောတူညီခဲ့ခြင်းမရှိပေမယ့် ယူနိုက်တက်က ကစားသမားနဲ့ ဆွေးနွေးညှိနှိုင်းနိုင်ခဲ့တာကြောင့် အပြောင်းအရွှေ့ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် မကြာမီမှာပဲ ယူနိုက်တက်ဟာ ကွန်ဟာကို နွေရာသီပထမဆုံး ကစားသမားခေါ်ယူမှုအဖြစ် အတည်ပြုကြေညာလာဖွယ်ရှိပါတယ်။ 

ဒါ့အပြင် ကွန်ဟာဟာ ပက်ထရစ်ဒေါ်ဂူပြီးနောက် အာမိုရင်လက်ထက် အိုးလ်ထရက်ဖို့ဒ်သို့ စတင်ရောက်ရှိလာတဲ့ ဒုတိယမြောက်ကစားသမားလည်းဖြစ်လာဖို့ရှိနေပါတယ်။ ယူနိုက်တက်ဟာ အာမိုရင်ရဲ့ဦးဆောင်မှုနဲ့အတူ နောက်ရာသီအတွက် ကြိုတင်ပြင်ဆင်မှုတွေကို အခုကတည်းက စတင်ပြုလုပ်နေပြီး အစ်ဆွစ်ချ်တိုက်စစ်မှူး လီယမ်ဒီလပ်နဲ့ ဘရန့်ဖို့ဒ်တိုက်စစ်မှူး ဘရိုင်ယန်အမ်ဘွေမိုတို့ကိုလည်း ပစ်မှတ်ထားစောင့်ကြည့်နေပါတယ်။ 

ယူနိုက်တက်အနေနဲ့ အသင်းကနေကစားသမားအများအပြားကိုလည်း နွေရာသီမှာပဲ ရောင်းချသွားဖွယ်ရှိပြီး သတင်းတွေအရ အလီဂျန်ဒရိုဂါနာချို၊ မားကပ်စ်ရက်ရှ်ဖို့ဒ်နဲ့ အန်တိုနီတို့ထံမှ တန်ကြေးမြင့်မြင့်မားမားမျှော်လင့်ထားတယ်လို့သိရပါတယ်။ ကွန်ဟာဟာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီမှာ အက်သလက်တီကိုမှ ဝုဗ်သို့စတင်ပြောင်းရွှေ့လာခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၉၂ ပွဲကစားပြီးချိန်မှာ ၃၃ ဂိုးသွင်းယူထားနိုင်ပါတယ်။ ဒါ့အပြင် ဘရာဇီးသားဟာ ဒီရာသီမှာ အသင်းအနေနဲ့ ပရီးမီးယားလိဂ်မှတန်းမဆင်းရအောင် အကူအညီပေးနိုင်ခဲ့တဲ့ အလွန်အရေးပါတဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။
 
ပရော်ဖက်ရှင်နယ်ဘောလုံးကစားသမားဘဝကိုတော့ ကွန်ဟာဟာ ဘရာဇီးကလပ် ကိုရီတီဘာမှာ စတင်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာတော့ ဆွစ်ဇာလန်ကလပ် အက်ဖ်စီဆိုင်ယွန်နဲ့ ချိတ်ဆက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဘရာဇီးသားဟာ ဂျာမန်ကလပ်တွေဖြစ်တဲ့ လိုက်ပ်ဇစ်နဲ့ ဟာသာဘာလင်တို့မှာ ကစားသမားဘဝဖြတ်သန်းခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ အက်သလက်တီကိုသို့ ရောက်ရှိခဲ့ပါတယ်။ 

မကြာသေးမီက ဘရာဇီးသတင်းဌာနတစ်ခုနဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ကွန်ဟာက "ရူဘင်အာမိုရင်အကြောင်းပြောရတာလွယ်ပါတယ်။ သူက အရမ်းတော်တဲ့နည်းပြတစ်ယောက်ပါ။ သူ့ကို အကောင်းဆုံးဖြစ်ပါစေကလွဲပြီး အခြားဆုတောင်းပေးစရာမရှိပါဘူး။ ပေါ်တူဂီမှာသူလုပ်ပြခဲ့သလို ကမ္ဘာ့ဘောလုံးလောကကို သိမ်းပိုက်နိုင်မယ်လို့ မျှော်လင့်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ယူနိုက်တက်မှာ အာမိုရင်နဲ့အတူ အောင်မြင်မှုတွေရရှိနိုင်မလားလို့မေးမြန်းခဲ့ရာ ဘရာဇီးသားက "ဘုရားသခင်ရဲ့အလိုတော်အရပေါ့။ ကျွန်တော်တို့ကတော့ အကောင်းဆုံးပေးဆပ်ပြီး ကူညီသွားမှာပါ" လို့ဖြေကြားခဲ့ပါတယ်။