ဒီလပ်ရဲ့ပခုံးဒဏ်ရာ အတော်ပြင်းထန်ကြောင်းပြောကြားလာတဲ့ မာရက်စ်ကာ
ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စ်ကာက ဘုန်းမောက်ကို ၀-၀ နဲ့သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ တိုက်စစ်မှူး လီယမ်ဒီလပ်တစ်ယောက် ပခုံးဒဏ်ရာရရှိသွားကြောင်းနဲ့ အဆိုပါဒဏ်ရာ အလွန်ပြင်းထန်ကြောင်း အသိပေးပြောကြားလာပါတယ်။
ကစားသမားဟာ ပွဲကစားချိန် ၃၂ မိနစ်မှာပဲ ပြိုင်ဘက်ကစားသမား မာကိုဆီနီစီနဲ့ ဘောလုံးယှဉ်လုရင်း ပခုံးပေါ် မတော်တဆ ပြုတ်ကျခဲ့ပြီး ဒဏ်ရာပြင်းထန်တာကြောင့် လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီလပ်ဟာ ကွင်းထဲမှထွက်ခွာချိန်မှာ လက်ကို ယာယီပတ်တီးစည်းထားခဲ့ရတာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီက စတန်းဖို့ဒ်ဘရစ်ချ်သို့စတင်ပြောင်းရွှေ့လာတဲ့ ဒီလပ်ဟာ အောက်တိုဘာလကုန်မှာရရှိခဲ့တဲ့ ပေါင်ခြံဒဏ်ရာကြောင့် ကာလရှည်အနားယူထားရပြီး ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအပါအဝင် ချဲလ်ဆီးအတွက်စုစုပေါင်း ၁၇ ပွဲသာပါဝင်ကစားထားရတာဖြစ်ပါတယ်။
ဘုန်းမောက်နဲ့ပွဲအပြီးမှာ မာရက်စ်ကာက "ကံမကောင်းစွာနဲ့ပဲ သူ ၂ လလောက်အထိအနားယူခဲ့ပြီးသွားပါပြီ။ အခုလည်းထပ်ပြီးအနားယူရဦးမှာပါ" "ဘယ်လောက်အထိ အနားယူရနိုင်လဲဆိုတာတော့ အတိအကျမသိသေးပါဘူး။ ဒါပေမယ့် သူ့ရဲ့ပခုံးက တော်တော်ဆိုးပါတယ်။ သူကံမကောင်းခဲ့သလို၊ ကျွန်တော်တို့လည်းကံမကောင်းခဲ့ပါဘူး။ အသင်းမှာ ဒီလပ်လို နံပါတ် ၉ တိုက်စစ်မှူးလိုအပ်နေလို့ပါ" လို့ပြောကြားခဲ့ပါတယ်။
ဒီလပ်ဟာ ဒီရာသီမှာချဲလ်ဆီးအတွက် စုစုပေါင်း ၂ ဂိုးသာသွင်းယူထားနိုင်ပြီး ပထမတစ်ဂိုးမှာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းသွင်းယူခဲ့တာဖြစ်ပြီး ဒုတိယဂိုးကိုတော့ ချန်ပီယံလိဂ်မှာသွင်းယူထားတာဖြစ်ပါတယ်။