ဘုန်းမောက်ခံစစ်မှူးဆီနီစီကို အပြီးသတ်ခေါ်ယူလိုက်ပြီလို့ အတည်ပြုလိုက်တဲ့ တော့တင်ဟမ်
တော့တင်ဟမ်အသင်းက ဘုန်းမောက်အသင်းရဲ့ အာဂျင်တီးနားနောက်ခံလူဆီနီစီကို ခေါ်ယူလိုက်ပြီလို့ တရားဝင်ကြေညာခဲ့ပါတယ်။
အသက် ၂၉ နှစ်အရွယ်ကစားသမားက ဘုန်းမောက်အသင်းအတွက် ယူရိုပါလိဂ်ဝင်ခွင့်ရရှိခဲ့တဲ့ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၃၉ ပွဲအထိ ပါဝင်ကစားခဲ့ပြီး ကောင်းမွန်တဲ့ဘောလုံးရာသီတစ်ခုကို ဖြတ်သန်းခဲ့ပါတယ်။
အဲဒီလို စွမ်းဆောင်နိုင်ခဲ့ပေမဲ့လည်း ဆီနီစီက အသင်းမှထွက်ခွာဖို့သာ ဆုံးဖြတ်ခဲ့ပြီး အခုအချိန်မှာတော့ ဒီဇာဘီဦးဆောင်နေတဲ့ တော့တင်ဟမ်အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပူးပေါင်းခဲ့ပါတယ်။
ဆီနီစီက ဇူလိုင် ၁ ရက်မှာ ကလပ်အသင်းဆီ တရားဝင်ပူးပေါင်းသွားဖို့ရှိပေမဲ့ သူ့နဲ့ တော့တင်ဟမ်အသင်းအကြား စာချုပ်သက်တမ်းကာလကိုတော့ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပါဘူး။
လန်ဒန်မြောက်ပိုင်းဆီ ပြောင်းရွှေ့ခဲ့မှုအပေါ် ဆီနီစီက "တော့တင်ဟမ်ကစားသမားတစ်ဦး ဖြစ်လာရတယ်ဆိုတာ တကယ့်ကိုထူးခြားတဲ့ ခံစားချက်မျိုးပါပဲ" လို့ ပြောကြားခဲ့ပါတယ်။
"ပထမဦးဆုံးအခိုက်အတန့်ကတည်းက ကလပ်အသင်းက ကျွန်တော့်ကို ဘာကြောင့်အလိုရှိလဲဆိုတာနဲ့ သူတို့တည်ဆောက်နေတဲ့အရာတွေထဲမှာ ကျွန်တော့်ကို ဘယ်လောက်အထိပါဝင်စေချင်လဲဆိုတာ သက်သေပြခဲ့ပါတယ်။ ဒါက စိတ်လှုပ်ရှားစရာကောင်းသလို ပါဝင်ခွင့်ရဖို့လည်း မစောင့်နိုင်တော့ပါဘူး။"
"ကွင်းထဲမှာခြေချချိန်တိုင်း ပရိသတ်တွေ ဂုဏ်ယူရအောင်နဲ့ ကလပ်အသင်းကို ထိုက်တန်တဲ့နေရာဆီ ပြန်လည်ပို့ဆောင်ပေးနိုင်အောင် ကျွန်တော် အစွမ်းကုန်ကြိုးစားသွားပါမယ်။ တော့တင်ဟမ်နဲ့အတူ ဆုဖလားတွေ ဆွတ်ခူးချင်ပြီး အဲဒါတွေဖြစ်လာအောင် ကျွန်တော် တတ်နိုင်သမျှ အစွမ်းကုန်လုပ်ဆောင်သွားပါမယ်" လို့ ဆိုပါတယ်။