The network connection is lost.

Banner Image

ချာလိုဘတ်ကို လူစာရင်းမှချန်လှပ်ခဲ့ရခြင်းက ဝမ်းနည်းစရာဖြစ်ကြောင်း ပြောကြားလာတဲ့ မာရက်စ်ကာ

ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စ်ကာက အမေရိကန်သို့ထွက်ခွာသွားတဲ့ ရာသီကြိုခြေစမ်းခရီးစဉ်အတွက် အသင်းရဲ့လူစာရင်းမှ ထရီဗိုချာလိုဘတ်ကို ချန်လှပ်ခဲ့ရခြင်းက ဝမ်းနည်းစရာဆုံးဖြတ်ချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

အသက်-၈ နှစ်အရွယ်ကတည်းက ချဲလ်ဆီးမှာနေထိုင်ခဲ့တဲ့ ချာလိုဘတ်ဟာ အသင်းရဲ့ရာသီကြိုခရီးစဉ်မှာ လိုက်ပါခဲ့ခြင်းမရှိတာကြောင့် စတန်းဖို့ဒ်ဘရစ်ချ်ကနေ ထွက်ခွာနိုင်ချေရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။ ချဲလ်ဆီးအနေနဲ့ နောက်ခံလူကို ပေါင်သန်း ၃၀ နဲ့ရောင်းချဖို့ လမ်းဖွင့်ထားတယ်လို့ သိရပြီး ပရီးမီးယားလိဂ်အသင်းကြီးတွေကလည်း ကစားသမားကို စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။

ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်း ၄ နှစ်ကျန်ရှိနေသေးတဲ့ ချာလိုဘတ်ဟာ ပြီးခဲ့တဲ့ရာသီက တံကောက်ကြောဒဏ်ရာပြဿနာကြောင့် ၆ လကြာအနားယူခဲ့ရပြီး အသင်းအတွက် ပရီးမီးယားလိဂ် ၁၃ ပွဲသာ ပါဝင်ကစားနိုင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ ချဲလ်ဆီးဟာ ဖူလ်ဟမ်နောက်ခံလူ တိုဆင်အဒရာဘီအိုယိုကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားနိုင်သလို ဒူးဒဏ်ရာကြောင့် ပြီးခဲ့တဲ့တစ်ရာသီလုံးကို လွဲချော်ခဲ့ရတဲ့ ဝက်စလေဖိုဖာနာကလည်း ပြန်လည်ကစားနိုင်ပြီဖြစ်တာကြောင့် ချာလိုဘတ်အနေနဲ့ နေရာရဖို့အတွက် ပြင်းပြင်းထန်ထန်ပြိုင်ဆိုင်သွားရဖွယ်ရှိပါတယ်။

ဆန်တာကလာယာမှာ ကစားမယ့် ခြေစမ်းပွဲစဉ်မတိုင်ခင်မှာ ချာလိုဘတ်ရဲ့အခြေအနေနဲ့ပတ်သက်ပြီး ချဲလ်ဆီးနည်းပြ မာရက်စ်ကာက “ပထမဆုံးပြောချင်တာကတော့ ကစားသမားတွေကို ရာသီကြိုခရီးစဉ်မှာ အတူခေါ်မလာနိုင်တာက အရမ်းဝမ်းနည်းစရာကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ရာသီကြိုခရီးစဉ်ဆိုတာကလည်း အသင်းလိုက်လုပ်ဆောင်ရတဲ့ ပရောဂျက်တစ်ခုဖြစ်တာကြောင့် မလိုက်ပါနိုင်တဲ့ကစားသမားက ပွဲထွက် ၁၁ ဦးစာရင်းမှာ ပါဝင်နိုင်ခြင်းမရှိတော့လို့ပါ” “ချာလိုဘတ်နဲ့ ပတ်သက်ပြီး ကျွန်တော့်ဘက်ကတော့ ရှင်းပါတယ်။ ကျွန်တော်တို့မှာ သူ့နေရာအတွက် ဒီဆာဆီ၊ ဖိုဖာနာ၊ တိုဆင်နဲ့ အာချင်မ်ပေါင်တို့ရှိပါတယ်။ ချာလိုဘာကို ချန်ထားခဲ့ရတဲ့ ဆုံးဖြတ်ချက်က ဝမ်းနည်းစရာဆိုပေမယ့် ဒီဆုံးဖြတ်ချက်ကို ကျွန်တော်တို့ချမှတ်ခဲ့ရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး မာရက်စ်ကာက ပြီးခဲ့တဲ့ရာသီက ချဲလ်ဆီးကို ကိုင်တွယ်ခဲ့တဲ့ မော်ရီစီယိုပိုချက်တီနိုရဲ့အမှားအယွင်းတွေကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိဘဲ အသင်းဟာ ဒဏ်ရာပြဿနာကြောင့်သာ စွမ်းဆောင်ရည်ကျဆင်းခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

မာရက်စ်ကာက “ဒီအသင်းမှာ အလုပ်မလုပ်ဘဲနဲ့ ဒီအသင်းရဲ့အကြောင်းကို ထဲထဲဝင်ဝင်သိနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ပြီးခဲ့တဲ့ ၁ နှစ် ဒါမှမဟုတ် ၂ နှစ်အတွင်း ဒီမှာဘယ်လိုပြဿနာတွေဖြစ်ခဲ့သလဲ ကျွန်တော်မသိပါဘူး။ အခုချိန်မှာ ပြောနိုင်တာကတော့ လွန်ခဲ့တဲ့ ၂ ပတ်အတွင်းမှာ ကျွန်တော်တို့ ပြဿနာတစ်စုံတစ်ရာမရှိခဲ့သလို ဒဏ်ရာရနေတဲ့ ကစားသမားလည်းမရှိပါဘူး။ ဒါကြောင့် အတိတ်ကဖြစ်ပျက်ခဲ့တဲ့ ပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားသွားနိုင်မယ်ထင်ပါတယ်” “ကျွန်တော်ပြောခဲ့သလိုပဲ အရင်တုန်းက အသင်းရဲ့ကစားသမားတွေ ဘာလို့ဒဏ်ရာအများကြီးရခဲ့ကြသလဲကျွန်တော်မသိပါဘူး။ အခုချိန်မှာတော့ ထိခိုက်ဒဏ်ရာမဖြစ်စေဖို့နဲ့ အလုပ်ကောင်းကောင်းလုပ်နိုင်ဖို့ အာရုံစိုက်ထားပါတယ်” လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။