The network connection is lost.

Banner Image

ဟင်ကာပီကို အနီကတ်မပြခဲ့လို့ ကွင်းလယ်ဒိုင်ကို မာရက်စ်ကာဝေဖန်

ချဲလ်ဆီးနည်းပြအန်ဇိုမာရက်စ်ကာက ယမန်နေ့ညက အာဆင်နယ်ကို ၁-၁ နဲ့သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပြိုင်ဘက်နောက်ခံလူ ပီရိုဟင်ကာပီတစ်ယောက် ကစားပုံကြမ်းတမ်းခဲ့ပေမယ့် အနီကတ်ပြသထုတ်ပယ်ခဲ့ခြင်းမရှိတဲ့အတွက် ကွင်းလယ်ဒိုင်အန်တိုနီတေလာကို ဝေဖန်ပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ ချဲလ်ဆီးဟာ ပွဲကစားချိန် ၃၈ မိနစ်မှာပဲ အသင်းရဲ့ကွင်းလယ်လူ ကိုင်စီဒိုတစ်ယောက် အာဆင်နယ်တိုက်စစ်မှူး မီခေးလ်မာရီနိုကို ဖြတ်ထုတ်ပုံကြမ်းတမ်းခဲ့တာကြောင့် တိုက်ရိုက်အနီကတ်နဲ့ထုတ်ပယ်ခံခဲ့ရပြီး လက်ကျန်ပွဲကစားချိန်တွေကို ကစားသမားတစ်ယောက်လျော့နဲ့ယှဉ်ပြိုင်ခဲ့ရပါတယ်။ 

သို့သော်လည်း ကွင်းလယ်ဒိုင်ဟာ ချဲလ်ဆီးနောက်ခံလူ ချာလိုဘာရဲ့မျက်နှာကို တံတောင်နဲ့ရိုက်ခဲ့တဲ့ အာဆင်နယ်ကစားသမား ဟင်ကာပီကိုတော့ အဝါကတ်သာပြသပြီး သတိပေးခဲ့တာကြောင့် မာရက်စ်ကာအနေနဲ့ တရားမျှမှုမရှိဘူးလို့ ယူဆခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာ ချဲလ်ဆီးအသင်းခေါင်းဆောင်ရီစီဂျိမ်းစ်က ဟင်ကာပီအနေနဲ့လည်း အနီကတ်ပြသခံရသင့်ကြောင်း ပြောကြားခဲ့ပြီး ယခုအခါမှာ မာရက်စ်ကာက သူ့ကိုထောက်ခံတဲ့အနေနဲ့ "ရီစီပြောတာမှန်ပါတယ်။ ရုပ်သံလိုင်းတွေနဲ့အင်တာဗျူးတွေက ကိုင်စီဒိုရဲ့အနီကတ်ပြစ်ဒဏ်ကိုပဲ အာရုံစိုက်နေကြပါတယ်။ တကယ်တော့ ကိုင်စီဒိုရဲ့ဖြတ်ထုတ်မှုကလည်း အနီကတ်ပြသင့်ပါတယ်"

"ဒါပေမယ့် တော့တင်ဟမ်နဲ့ပွဲမှာတုန်းကလည်း ဘန်တန်ကာက ရီစီကိုဒီလိုပုံစံမျိုးနဲ့ဖြတ်ထုတ်ခဲ့ပေမယ့် အနီကတ်မပြခံခဲ့ရပါဘူး။ မန်နေဂျာတစ်ယောက်အနေနဲ့ တသမတ်တည်းမရှိတဲ့ ဒိုင်လူကြီးတွေရဲ့ဆုံးဖြတ်ချက်တွေကြောင့် နားလည်ဖို့ရုန်းကန်နေရပါတယ်။ ဒီပွဲမှာကိုင်စီဒိုရဲ့ပြစ်ဒဏ်က အနီကတ်ဖြစ်သင့်ပါတယ်။ တစ်ဖက်မှာ ဘန်တန်ကာကလည်း တူညီတဲ့ပုံစံအတိုင်း ပြစ်ဒဏ်ကျူးလွန်ခဲ့တာဖြစ်ပေမယ့် အနီကတ်မပြခံခဲ့ရပါဘူး။ ဒါက ဘာကြောင့်ပါလဲ"

"ဒါကိုကျွန်တော်တို့ နားလည်ဖို့ခက်ခဲနေတာပါ။ တူညီတဲ့အခြေအနေမှာ ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်က ၂ ခုဖြစ်နေပါတယ်။ ဒီပွဲမှာလည်း ချာလိုဘာကို ဟင်ကာပီက တံတောင်နဲ့ရိုက်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်က တံတောင်မဟုတ်ဘူးလို့ပြောပါတယ်။ ဒါပေမယ့် ချာလိုဘာကတော့ မျက်ကွင်းညိုပြီး ပထမပိုင်းပြီးချိန်မှာ ရေခဲကပ်နေခဲ့ရပါတယ်။ အနီကတ်ဖြစ်သင့်ပေမယ့် သူတို့ရဲ့မတူညီတဲ့ဆုံးဖြတ်ချက်တွေကြောင့် ကျွန်တော်တို့နစ်နာခဲ့ရပါတယ်" လို့ပြောကြားခဲ့ပါတယ်။