ကစားသမားသစ် ဂွီယူနဲ့ပတ်သက်ပြီး ဘယ်လိုအစီအစဉ်တွေပြုလုပ်ထားသလဲဆိုတာ ထုတ်ဖော်ပြောကြားလာတဲ့ မာရက်စ်ကာ
ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စ်ကာက ယခုနွေရာသီအစောပိုင်းကာလမှာ ဘာစီလိုနာမှ ပေါင် ၅ သန်းနဲ့ခေါ်ယူခဲ့တဲ့ လူငယ်တိုက်စစ်မှူးလေး မာ့ခ်ဂွီယူနဲ့ပတ်သက်ပြီး ဘယ်လိုအစီအစဉ်တွေပြုလုပ်ထားသလဲဆိုတာ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။
လာမာစီယာအကယ်ဒမီထွက်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာမှာ အောင်မြင်မှုမရခဲ့ပေမယ့် ဇာဗီရဲ့ အသင်းအတွက် ၇ ပွဲကစားရာမှာ ၂ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဘာစီလိုနာ(ဘီ) အသင်းမှာတောက်လျှောက်ခြေစွမ်းပြပြီး ၁၇ ပွဲကစား ၆ ဂိုးအထိသွင်းယူနိုင်ခဲ့တဲ့ ၁၈ နှစ်သားကို ယခုအခါမှာတော့ အန်ဇိုမာရက်စ်ကာက ချဲလ်ဆီးရဲ့တိုက်စစ်မှာ ပုံမှန်ပွဲထွက်ခွင့်ပြုဖို့ စီစဉ်ထားတယ်လို့ဆိုပါတယ်။
ဂွီယူဟာ ချဲလ်ဆီးရဲ့ ရာသီကြိုပွဲစဉ် ၂ ပွဲဖြစ်တဲ့ ဝရက်ဇ်ဟမ်းကို ၂-၂ နဲ့သရေကျခဲ့တဲ့ပွဲစဉ်၊ ဆဲလ်တစ်ကို ၄-၁ နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်တွေမှာ ချဲလ်ဆီးအတွက် ပါဝင်ကစားခွင့်ရခဲ့ပါတယ်။ ယခုအခါမှာတော့ မာရက်စ်ကာက ဂွီယူကို အငှားချဖို့အစီအစဉ်မရှိဘဲ အသင်းမှာပဲ အသုံးပြုဖို့ရည်ရွယ်ထားကြောင်း အသိပေးလာခဲ့တာဖြစ်ပါတယ်။
အသက်-၁၈ နှစ်အရွယ် စပိန်သားနဲ့ပတ်သက်ပြီး မာရက်စ်ကာက "ဂွီယူအပါအဝင် အသင်းရဲ့လူငယ်ကစားသမားတွေကို အခုရာသီကြိုပွဲစဉ်တွေမှာ အကဲဖြတ်သွားမှာဖြစ်ပြီး အသင်းမှာ ဆက်သုံးမှာလား ဆုံးဖြတ်သွားပါမယ်။ ဂွီယူကတော့ ခြေစွမ်းကောင်းမွန်တာကြောင့် ဘယ်မှမသွားရဘဲ အသင်းမှာဆက်လက်ကျန်ရှိဖို့ အလားအလာများပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီးချဲလ်ဆီးက ဘိုကာဂျူနီယာနောက်ခံလူ အန်ဆယ်မီနိုနဲ့ ဗီလာရီးရဲလ်ဂိုးသမား ဂျော်ဂျင်ဆင်တို့ကိုခေါ်ယူဖို့ ကြိုးစားနေတယ်ဆိုတဲ့သတင်းတွေကို မာရက်စ်ကာက ငြင်းဆန်ခဲ့ပေမယ့် အဆိုပါကစားသမား ၂ ဦးစလုံးက အရမ်းကောင်းတယ်လို့တော့ ဝန်ခံခဲ့ပါတယ်။
မာရက်စ်ကာက "ကျွန်တော်တို့ ဒီကိစ္စကို မဟုတ်ဘူးလို့ပဲပြောရပါဦးမယ်။ သူတို့က ဘိုကာဂျူနီယာနဲ့ ဗီလာရီးရဲလ်ကစားသမားတွေအဖြစ်ပဲရှိနေသေးပြီး အရမ်းကောင်းတဲ့ကစားသမားတွေပါ။ အသင်းကို သူတို့ရောက်လာတဲ့အချိန်မှပဲ သူတိုအကြောင်းကို မှတ်ချက်ပေးနိုင်မှာပါ" လို့ပြောကြားခဲ့ပါတယ်။