The network connection is lost.

Banner Image

ပါမီးရက်စ်နဲ့ပွဲစဉ်မှာ ပါဝင်ကစားဖို့အတွက် နက်တိုကိုယ်တိုင် ဆုံးဖြတ်နိုင်ပါတယ်လို့ ဖွင့်ဟလိုက်တဲ့ မာရက်စ်ကာ

အရင်းနှီးဆုံးသူငယ်ချင်း၊ ပေါ်တူဂီလက်ရွေးစင်အသင်းဖော် ဂျိုတာ ရုတ်တရက်ကွယ်လွန်သွားပြီးနောက် ချဲလ်ဆီးတိုက်စစ်မှူးနက်တိုအနေဖြင့် သောကြာနေ့၊ ပါမီးရက်စ်နဲ့ ကလပ်ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာ ပါဝင်ကစားဖို့ရှိ၊မရှိ ကစားသမားကိုယ်တိုင် ဆုံးဖြတ်နိုင်တယ်လို့ အန်ဇိုမာရက်စ်ကာက ပြောကြားခဲ့ပါတယ်။

အသက်-၂၈ နှစ်အရွယ်၊ လီဗာပူးတိုက်စစ်မှူးဂျိုတာက ယမန်နေ့မွန်းလွဲပိုင်း၊ စပိန်နိုင်ငံမြောက်ပိုင်းရဲ့ ယာဉ်တိုက်မှုဖြစ်စဉ်တစ်ခုမှာ သူ့ရဲ့မွေးချင်းညီအစ်ကို အန်ဒရေဆေးလ်ဗားနဲ့အတူ ပါဝင်ခဲ့ပြီးနောက် ကွယ်လွန်အနိစ္စရောက်ရှိသွားပါတယ်။ ဂျိုတာက ၂၀၂၀ ပြည့်နှစ်၊ လီဗာပူးအသင်းဆီ မပြောင်းရွှေ့မီ နက်တိုနဲ့အတူ တွဲဖက်ကစားခဲ့ဖူးသလို ပြီးခဲ့တဲ့လ၊ ပေါ်တူဂီအသင်းရဲ့နေးရှင်းလိဂ်အောင်ပွဲမှာလည်း အတူတကွ အောင်ပွဲခံခဲ့ပါတယ်။

ဂျိုတာရဲ့နာရေးသတင်းကြားသိရပြီးနောက် နက်တိုက ယမန်နေ့ညပိုင်း၊ မိုင်ယာမီမှာပြုလုပ်တဲ့ ချဲလ်ဆီးအသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်မှာ မပါဝင်လာခဲ့ပါဘူး။ နည်းပြမာရက်စ်ကာကတော့ ဖီလာဒဲလ်ဖီးယားမှာ ပါမီးရက်စ်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်အတွက် နက်တို အဆင်သင့်မဖြစ်သေးဘူးဆိုရင်လည်း ဘာပြဿနာမှ မရှိပါဘူးလို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။ သတင်းထောက်တွေနဲ့တွေ့ဆုံချိန် မာရက်စ်ကာက “ နက်တို အရမ်းဝမ်းနည်းနေပါတယ်။ ပြောရမယ်ဆိုရင် ဝမ်းနည်တယ်ဆိုတာထက်တောင် အများကြီးပိုနေပါသေးတယ်။ ဒါပေမဲ့ အခုလိုအချိန်မျိုးမှာ သူ့ကို ခွန်အားတွေပေးနိုင်ဖို့ ကျွန်တော်တို့ ရှိနေပါတယ်။ ပွဲကိုကစားဖို့ဆိုတာ သူ့ရဲ့ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်ပါတယ်။ ကျွန်တော်လည်း သူနဲ့စကားပြောဖြစ်ပြီး ကျွန်တော်တို့အားလုံး သူ့ကို အားပေးနှစ်သိမ့်ခဲ့ပါတယ်။ ဘယ်လိုဆုံးဖြတ်ချက်မျိုးကိုပဲ ချမှတ်ပါစေ၊ ဒါ သူ့ရဲ့အမှန်ကန်ဆုံးလုပ်ရပ် ဖြစ်လာပါလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့တွေ သူ့ကို အားပေးထောက်ခံသွားရပါမယ်။ မနက်ဖြန်ပွဲစဉ်အတွက် နက်တို ကွင်းတွင်းမှာ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကျွန်တော်တို့ သူ့ကို အားပေးထောက်ခံသွားရပါမယ်။ အလွန်ဝမ်းနည်းစရာကောင်းတဲ့နေ့ဖြစ်လို့ စကားလုံးတောင်မရှိတော့ပါဘူး။ အရမ်းခက်ခဲလွန်းပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကူကယ်ရာမဲ့တဲ့ခံစားချက်မျိုးပဲ ရှိနေပါတယ်။ ကျွန်တော်ပြောနိုင်တဲ့ တစ်ခုတည်းသောအရာက အခုလိုအဖြစ်ဆိုးကြီးပေါ်ပေါက်လာချိန်မှာ ဂျိုတာရဲ့မိသားစုနဲ့အတူ ထပ်တူထပ်မျှခံစားရတယ်ဆိုတာပါပဲ”လို့ ပြောပါတယ်။