
တောင်ပံတိုက်စစ်ပိုင်းကို ထပ်မံအားဖြည့်မယ်လို့ အတည်ပြုလာတဲ့ မာရက်စ်ကာ
သတင်းတွေအရ ချဲလ်ဆီးအသင်းဟာ ဆန်ချိုကို ယူနိုက်တက်ထံပြန်လွှတ်ခဲ့ပြီးနောက် တောင်ပံတိုက်စစ်ပိုင်းနေရာအတွက်အားဖြည့်မယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်အနည်းငယ်တုန်းက တိုက်စစ်ပိုင်း နဲ့ တောင်ပံတိုက်စစ်နေရာတွေအတွက် ကစားသမားတွေခေါ်ယူထားခဲ့ပေမယ့် အသင်းကိုအကျိုးမပြုနိုင်ခဲ့တာဖြစ်ပါတယ်။
ဆန်ချိုကို ယူနိုက်တက်ထံကနေ အငှားနဲ့ခေါ်ယူထားခဲ့ပေမယ့် အပြီးသတ်မခေါ်ယူခဲ့ပဲ ယူနိုက်တက်ထံပြန်လွှတ်ခဲ့ပါတယ်။ အဆိုပါအနေအထားကြောင့် မာရက်စ်ကာက ချဲလ်ဆီးအနေနဲ့ နွေရာသီမှာ တောင်ပံတိုက်စစ်နေရာကို အားဖြည်ဖို့ လိုအပ်မယ်လို့ ယုံကြည်နေပါတယ်။
အင်တာဗျူးတစ်ခုမှာ မာရက်စ်ကာက “ဆန်ချိုက ကျွန်တော်တို့နဲ့ရှိမှာမဟုတ်တော့ပါဘူး။ သေချာတာက ကျွန်တော်တို့ အဲ့နေရာအတွက် အစားထိုးဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့မှာ မာဒူကီ ၊ နက်တို နဲ့ ဂျော့ချ်တို့ရှိနေပါတယ်။ အပြောင်းအရွှေ့ဖွင့်ချိန်မှာ ကျွန်တော်တို့ တစ်စုံတစ်ခုလုပ်ဆောင်ဖို့ လိုအပ်ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ တိုက်စစ်ပိုင်းလည်းအားဖြည့်မှာဖြစ်ပြီး ဂျက်ဆင်တစ်ယောက် ဒုတိယရာသီဝက်မှာ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။
ဒီလပ်ကိုခေါ်ယူထားခဲ့ပေမယ့်လည်း နောက်ထပ်ကစားသမားတွေခေါ်ယူဖို့ ချိတ်ဆက်နေပြီး ဒေါ့မွန်စတား ဂစ်တန်ကိုလည်း ချိတ်ဆက်နေပါတယ်။ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ချဲလ်ဆီးအသင်းဟာ တောင်ပံနေရာကိုအားဖြည့်မှာဖြစ်ပြီး ဂစ်တန်ကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားပါတယ်။ ကနဦးကမ်းလှမ်းမှု ၂ ကြိမ်ကို ဒေါ့မွန်ဘက်က ပယ်ချထားပြီး ကလပ်ကမ္ဘာ့ဖလားအပြီးမှာ ဂစ်တန်ကို ထပ်မံကြိုးပမ်းဖွယ်ရှိနေပါတယ်။