
ဖူလ်ဟမ်ကို အနိုင်ရခဲ့တဲ့ပွဲဟာ ဒီရာသီ အခက်ခဲဆုံးပွဲဖြစ်တယ်လို့ မာရက်စ်ကာဆို
ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စ်ကာက မြို့ခံပြိုင်ဘက် ဖူလ်ဟမ်အသင်းကို အဝေးကွင်းမှာ ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဟာ ဒီရာသီရဲ့ အခက်ခဲဆုံးပွဲစဉ်ဖြစ်ဖွယ်ရှိတယ် လို့ ပြောကြားခဲ့ပါတယ်။
ပထမပိုင်းမှာ အဲလက်စ် အီဝိုဘီက ဖူလ်ဟမ်အတွက် ဦးဆောင်ဂိုးသွင်းယူခဲ့တာကြောင့် ချဲလ်ဆီးအသင်းဟာ နောက်ကနေလိုက်ကစားခဲ့ရပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်းမှာ ခြေစွမ်းပိုကောင်းလာခဲ့ပြီး အကယ်ဒမီကြယ်ပွင့် တိုင်ရစ်ချ်ဂျော့ခ်ျရဲ့သွင်းဂိုးနဲ့ ၈၃ မိနစ်မှာ ချေပနိုင်ခဲ့ပါတယ်။
အချိန်ပို ၃ မိနစ်မှာတော့ နက်တိုရဲ့သွင်းဂိုးနဲ့ အနိုင်ရလဒ်ကို ရရှိခဲ့ပါတယ်။ အဆိုပါအနိုင်ရလဒ်ကြောင့် ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၅ နေရာသို့ရောက်ရှိခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်နေရာကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။ ဒါပေမဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းက ယနေ့ညမှာ တော့တင်ဟမ်နဲ့ကစားရမယ့်ပွဲစဉ်ရှိနေသေးတာကြောင့် အမှတ်ပေးဇယားအပြောင်းအလဲရှိလာနိုင်ပါသေးတယ်။
ပွဲအပြီးမှာ မာရက်စကာက "ဒီနေ့ပွဲက အရေးကြီးပါတယ်။ ပထမဦးဆုံးအနေနဲ့ ဒါက ဒါဘီပွဲဖြစ်ပြီး ဒုတိယအနေနဲ့ကတော့ ကျွန်တော်တို့ကို ချန်ပီယံလိဂ်ဝင်ခွင့်ရရှိတဲ့ နေရာမှာ ရပ်တည်နိုင်စေခဲ့ပါတယ်။ ဒီရာသီရဲ့ အခက်ခဲဆုံးပွဲစဉ်ဖြစ်ဖွယ်ရှိပါတယ်။ အကြောင်းကတော့ သူတို့အားလုံး မနေ့က ကစားခဲ့ကြတာကြောင့်ပါပဲ။ ဒါကြောင့် ကျွန်တော်တို့အတွက် မဖြစ်မနေအနိုင်ကစားရမယ့်ပွဲဖြစ်ခဲ့ပါတယ်" ပြောပါတယ်။
ပထမဂိုးပေးလိုက်ရတာကလည်း ကစားသမားတွေအတွက် ပိုပြီးခက်ခဲစေခဲ့ပေမဲ့ ဒုတိယပိုင်းမှာ ကစားပုံပိုမိုကောင်းမွန်လာခဲ့တယ်လို့ မာရက်စ်ကာကဝန်ခံခဲ့ပါတယ်။ မာရက်စ်ကာက"ဂိုးပေးလိုက်ရပြီးတဲ့နောက် ကျွန်တော်တို့နည်းနည်းရုန်းကန်ခဲ့ရတယ်။ အကြောင်းကတော့ ကစားသမားတွေအတွက် ပိုပြီးခက်ခဲသွားခဲ့တာကြောင့်ပါပဲ။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ အများကြီးပိုကောင်းခဲ့ပါတယ်"လို့ ဆိုပါတယ်။