
ကွင်းတွင်းမှာ ပိုပြီးအင်တိုက်အားတိုက်ကစားလာအောင် မော်ရင်ဟို သင်ကြားပေးခဲ့တယ်လို့ ဖွင့်ဟခဲ့တဲ့ မာဆယ်လို
ရီးရဲလ်မက်ဒရစ်ဂန္တဝင်မာဆယ်လိုက နည်းပြဟောင်း မော်ရင်ဟို၊ ဇီဒန်းတို့ရဲ့ ကွင်းတွင်းသင်ကြားပြသပေးခဲ့ပုံနဲ့ ဒီနည်းပြတွေလက်ကိုင်ထားတဲ့ ဒဿနအဖုံဖုံကို လတ်တလောအင်တာဗျူးတစ်ခုမှာ ထုတ်ဖော်ပြောပြခဲ့ပါတယ်။ မော်ရင်ဟိုနဲ့ပတ်သက်လို့ မာဆယ်လိုက “ မော်ရင်ဟိုက ကျွန်တော့်ကို ပိုပြီးအင်တိုက်အားတိုက်ကစားလာအောင် သင်ကြားပြသပေးခဲ့ပါတယ်။
ကျွန်တော်က ဘောလုံးကို အမြဲလိုလို ကိုင်ထားချင်ပေမယ့် သူက ကျွန်တော့်ကို ဘောလုံးအရင်ဆုံးရရှိအောင် လုပ်နိုင်ဖို့ လိုအပ်တယ်လို့ သင်ကြားပေးခဲ့ပါတယ်။ သူက ကျွန်တော့်ကို အကူအညီတွေ အများကြီးပေးခဲ့ပါတယ်။ သူက ကျွန်တော့်ကို ‘မင်း ခံစစ်ကို ဘယ်လိုကစားရမလဲဆိုတာ မသိသေးဘူး။ မင်းကို ငါသင်ပေးမယ်။ မင်းကို အကောင်းဆုံးဖြစ်လာအောင် လုပ်ပေးမယ်’လို့ ပြောခဲ့ပါတယ်။တကယ်ပျော်စရာကောင်းပါတယ်”လို့ ပြောပါတယ်။
လွန်ခဲ့တဲ့သီတင်းပတ်အတွင်း ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘ၀ အနားယူခဲ့တဲ့ မာဆယ်လိုက နည်းပြဟောင်းဇီဒန်းဟာ သူ့ကို တိုက်စစ်လိုက်ပါကစားဖို့အတွက် လွတ်လပ်ခွင့်ပေးခဲ့တယ်လို့ ဆက်ပြောပါတယ်။ သူက “ဇီဒန်းကတော့ ကစားသမားတွေအကြောင်း တော်တော်လေးနားလည်ခဲ့ပါတယ်။ သူကလည်း ကျွန်တော့်ကို ပျော်ရွှင်ခွင့်တွေ အများကြီးပေးခဲ့ပါတယ်။ကျွန်တော်က ပုဂ္ဂိုလ်ရေးအရရော၊ ဘောလုံးသမားတစ်ဦးအဖြစ်ပါ ဇီဒန်းကို ချစ်မြတ်နိုးသူတစ်ဦး ဖြစ်ပါတယ်။ သူလည်း ကျွန်တော့်ကို အကူအညီတွေ အများကြီးပေးခဲ့ပါတယ်။
သူက ကျွန်တော့်ကို ကွင်းတွင်းမှာ လွတ်လွတ်လပ်လပ်ကစားခွင့် ပေးခဲ့ပါတယ်။ ‘မာဆယ်လိုရေ၊ ရှေ့အထိတက်သွား၊ မင်းရဲ့နောက်မှာ ကတ်စ်မဲရိုးရှိတယ်’လို့ သူအမြဲလိုလို ပြောခဲ့ပါတယ်”လို့ ဖွင့်ဟခဲ့ပါတယ်။