ချဲလ်ဆီးအသင်း လူစာရင်းနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာတဲ့ မာရက်စ်ကာ
ချဲလ်ဆီးအသင်း နည်းပြသစ် မာရက်စ်ကာ အသင်းမှာ အရမ်းကောင်းတဲ့လူစာရင်း ရှိနေပြီး ပရိသတ်တွေအနေနဲ့ လမ်းစဉ်ကို ယုံကြည်ဖို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။
အီတလီသားဟာ ပိုချက်တီနိုနေရာမှာ အစားဝင်လာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက အာဂျင်တိုင်းသားက အသင်းကို အဆင့် ၆ နေရာမှာ ရပ်တည်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ မာရက်စ်ကာကတော့ ပြီးခဲ့တဲ့ရာသီတုန်းက လက်စတာ အသင်းကို ချန်ပီယံရှစ်ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို ပရီးမီးယားလိဂ်ကို တန်းတက်အောင်လလည်း ကူညီပေးထားနိုင်ခဲ့ပါတယ်။
အသက် ၄၄ နှစ်သားကတော့ ချဲလ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ချင်နေပါတယ်။ “ကျွန်တော်အရမ်းစိတ်လှုပ်ရှားနေသလို ပျော်နေပါတယ်။ အဲ့တာက တကယ့်အံ့ဖွယ်ခရီးစဉ်ဖြစ်လာနိုင်ပါတယ်။ ကျွန်တော် ကစားသမားတွေနဲ့စတင်ဖို့ မစောင့်နိုင်အောင်ဖြစ်နေပါပြီ။ ကျွန်တော် ဒီကိုပြောင်းလာရတဲ့ အကြောင်းအရင်းတစ်ခုက ဒီအသင်းရဲ့လူအင်အားကြောင့်ပါ။ အသင်းမှာ အရည်အချင်းအပြည့်ရှိတဲ့ကစားသမားတွေ ရှိနေပါတယ်။ အရေးအကြီးဆုံး အရာက သူတို့ကို မှန်ကန်တဲ့လမ်းကြောင်းပေါ် တင်ပေးနိုင်ဖို့ပါ။ ကျွန်တော် တူညီတာပဲအမြဲပြောပါတယ်။ တကယ်လို့ ခင်ဗျားအနေနဲ့ အသင်း တိုးတက်ချင်တယ်ဆိုရင် ကစားသမားတွေကို အရင်တိုးတက်အောင် လုပ်ဆောင်ရပါမယ်။ သူတို့အားလုံးတစ်နေ့ချင်းတိုးတက်အောင် လုပ်ဆောင်ရမှာက ကျွန်တော်တို့ပစ်မှတ်ပါ။ အသင်းကစားသမားတွေကို ဘောလုံးရှိစဉ်မှာကော မရှိစဉ်မှာကော စိတ်အားထက်သန်တဲ့အသင်းဖြစ်အောင် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်”
“အသင်းပရိသတ်တွေနဲ့ ကစားသမားတွေကြားမှာ ချိတ်ဆက်မှုရှိအောင် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ အသင်းပရိသတ်တွေက နောက်ကနေ တွန်းအားပေးရင် အဲ့တာက ကစားသမား ၁၂ ယောက်ကစားတာနဲ့ဆင်တူပါတယ်။ ဒီလိုမျိုး ကျွန်တော်တို့ ဖန်တီးရမှာပါ။ ပရိသတ်တွေကိုတော့ လုပ်ငန်းစဉ်ကို ယုံကြည်ဖို့ ပြောချင်ပါတယ်။ စိတ်ကူးတွေကိုယုံကြည်ပြီး အသင်းအနောက်မှာရှိနေဖို့ လိုအပ်ပါတယ်။ သေချာပြောနိုင်တာကတော့ ကျွန်တော်တို့ နှစ်လိုဖွယ်ခရီးစဉ်တစ်ခုကို သွားမှာပါ။ အသင်းတိုင်း ၊ နည်းပြတိုင်းအတွက် အဲ့တာက မလွယ်ကူပါဘူး။ ဘာလို့လဲဆိုတော့ဘယ်အရာမှ မလွယ်ကူတာကြောင့်ပါ။ ဒါပေမယ့် သေချာတာက ကျွန်တော်တို့ တကယ့်ကောင်းတဲ့ခရီးစဉ်တစ်ခုကိုသွားမှာပါ”လို့ မာရက်စ်ကာက ပြောကြားခဲ့ပါတယ်။
မာရက်စ်ကာရဲ့ချဲလ်ဆီးအသင်းဟာ လာမယ့်သြဂုတ်လ ၁၈ ရက်နေ့မှာ မန်စီးတီးနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။