The network connection is lost.

Banner Image

ဆက်စ်ကိုက အသင်းအတွက် အံ့မခန်းကစားသမားတစ်ဦးဖြစ်လာမယ်လို့ ယူနိုက်တက်အားကစားဒါရိုက်တာ အခိုင်အမာပြော

မန်ချက်စတာယူနိုက်တက်အားကစားဒါရိုက်တာ ဂျေဆန်ဝယ်ကော့ဇ်က ပြီးခဲ့တဲ့နွေရာသီက လိုက်ပ်ဇစ်မှ ပေါင် ၇၄ သန်းနဲ့ခေါ်ယူထားခဲ့တဲ့ တိုက်စစစ်မှူးသစ် ဘင်ဂျမင်ဆက်စ်ကိုဟာ အနာဂတ်မှာ အသင်းအတွက် အလွန်အရေးပါတဲ့ အံ့မခန်းကစားသမားတစ်ဦးဖြစ်လာလိမ့်မယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။ မကြာသေးမီက ယူနိုက်တက်နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်ဟာ ဆက်စ်ကိုကို အသင်းရဲ့ကစားသမားသစ်တွေဖြစ်တဲ့ မားသီးယက်စ်ကွန်ညာ၊ ဘရိုင်ယန်အမ်ဘွေမိုတို့ကို နှိုင်းယှဉ်ဖော်ပြထားခဲ့ပြီး ဆလိုဗေးနီးယားလက်ရွေးစင်အနေနဲ့ အခုလက်ရှိခြေစွမ်းထက် ပိုမိုကောင်းမွန်တဲ့စွမ်းဆောင်ရည်ကို ပြသနိုင်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။ 

နွေရာသီက ယူနိုက်တက်ခေါ်ယူထားခဲ့တဲ့ တိုက်စစ်ကစားသမား ၃ ဦးထဲမှာ အမ်ဘွေမိုဟာ စွမ်းဆောင်ရည်အကောင်းဆုံဖြစ်နေပြီး ကစားသမားဟာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၁၁ ပွဲကစားပြီးချိန်မှာ ၅ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၁ ကြိမ်ပြုလုပ်ထားနိုင်တာဖြစ်ပါတယ်။ တစ်ဖက်မှာ ကွန်ညာနဲ့ ဆက်စ်ကိုတို့ကတော့ ၂ ဦးပေါင်းမှ သွင်းဂိုး ၄ ဂိုးသာ ပါဝင်ပတ်သက်ထားနိုင်တာကြောင့် နဗီးလ်က ဆက်စ်ကိုရဲ့အသင်းအပေါ်သက်ရောက်မှုကို မေးခွန်းထုတ်လာခဲ့တာဖြစ်ပါတယ်။ 

NBC အားကစားဌာနနဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ နီဗီးလ်က "ဆက်စ်ကိုက ဒီရာသီယူနိုက်တက်ခေါ်ယူခဲ့တဲ့ ကွန်ညာနဲ့ အမ်ဘွေမိုတို့နောက်မှာ အဝေးကြီးပြတ်ကျန်ခဲ့ပါတယ်။ သူက ယူနိုက်တက်ရဲ့တိုက်စစ်မှူးကိုးရိုးကားရားဖြစ်နေပြီး ဘောလုံးထိချက်တွေမှာလည်း အားနည်းချက်တွေမြင်နေရပါတယ်"

"သူက ပေါင်သန်း ၈၀ နီးပါးတန်ကြေးရှိပြီး အသက်ငယ်သေးပေမယ့် ပရိသတ်တွေကတော့ ဒီထက်ပိုကောင်းတဲ့ခြေစွမ်းမျိုးကို မျှော်လင့်ထားကြမှာပါ" လို့ပြောကြားခဲ့ပါတယ်။ ယခုအခါမှာတော့ ဂျေဆန်ဝယ်ကော့ဇ်က နဗီးလ်ရဲ့မှတ်ချက်ဟာ မှန်ကန်မှုမရှိကြောင်းနဲ့ ဆက်စ်ကိုဟာ အနာဂတ်မှာ အသင်းအတွက် အရမ်းအရေးပါတဲ့ကစားသမားဖြစ်လာမယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။ 

ဝယ်ကော့ဇ်က "ဘန်ဂျီ(ဆက်စ်ကို)က အသင်းအတွက် အံ့မခန်းကစားသမားတစ်ဦးဖြစ်လာမှာပါ။ ယူနိုက်တက်ရဲ့ တိုက်စစ်မှူးဖြစ်ရတာ မလွယ်ပါဘူး။ တစ်ဖက်မှာ ကွန်ညာနဲ့ အမ်ဘွေမိုတို့က ချီးကျူးခံနေရချိန် သူက ဝေဖန်ခံနေရတော့ သူ့အတွက်ပိုခက်ခဲစေပါတယ်။ ဒါပေမယ့် ဘန်ဂျီကအမြဲတမ်း ပြေးနေတဲ့ကစားသမားဖြစ်ပြီး သူ့ရဲ့ပြေးလွှားနေမှုကြောင့် ကွန်ညာနဲ့ အမ်ဘွေမိုတို့အတွက် အများကြီးအကူအညီရစေပါတယ်။ ကျွန်တော်တို့နွေရာသီခေါ်ယူခဲ့တဲ့ကစားသမားတွေအားလုံး အရမ်းကောင်းလာကြပါတယ်။ သူတို့က ထိပ်တန်းပရော်ဖက်ရှင်နယ်ကစားသမားတွေပါ" လို့ပြောကြားခဲ့ပါတယ်။

လာမယ့်စနေနေ့မှာတော့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွစဉ်အဖြစ် တော့တင်ဟမ်ကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ဆက်စ်ကိုတစ်ယောက် အသင်းရဲ့တိုက်စစ်ကို ဆက်လက်ဦးဆောင်ပြီး ပွဲထွက်လာနိုင်မလား စောင့်ကြည့်ရပါမယ်။