အာဆင်နယ်ရဲ့ချန်ပီယံဆုကာကွယ်ရေးခရီးလမ်းမှာ အယ်လ်ဗာရက်ဇ်က မှော်ဆန်မှုတွေ ပေးစွမ်းနိုင်လိမ့်မယ်လို့ ဂယ်ရီနဗီးလ်သုံးသပ်
တန်းတက်ကိုဗင်ထရီစီးတီးကို အိမ်ကွင်းမှာ ၃-၀ ဂိုးဖြင့် အလွယ်တကူအနိုင်ရရှိပြီးနောက် အာဆင်နယ်က သူတို့ရဲ့ပရီးမီးယားလိဂ်ချန်ပီယံဆုကာကွယ်ရေးခရီးစဉ်ကို စတင်လိုက်ပါတယ်။
ပွဲစဉ်အပြီးမှာလည်း အခုနွေရာသီအပြောင်းအရွှေ့အတွင်း အလုပ်များနေခဲ့တဲ့ အာတီတာက အာဆင်နယ်ကစားသမားတွေရဲ့စိတ်ဓါတ်ပိုင်းကို ချီးကျူးခဲ့ပါတယ်။
ဂန်းနားတွေက ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ဂူမာယေးစ်နဲ့ ဇိုလစ်တို့ကို ခေါ်ယူနိုင်ခဲ့သလို ရာသီသစ်မစခင်လေးမှာပဲ ကွန်ဆာကို ပေါင် ၅၁ သန်းဖြင့် ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။
ဒါ့အပြင် အာတီတာက အက်သလက်တီကိုမက်ဒရစ်ကြယ်ပွင့်ဂျူလီယန်အယ်လ်ဗာရက်ဇ်ကိုလည်း ခေါ်ယူနိုင်ရေးအတွက် အံ့အားသင့်ဖွယ်ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဒီလှုပ်ရှားမှုမှာ အချိန်အကန့်အသတ်ရှိနေသလို ကစားသမားကိုယ်တိုင်လည်း အက်သလက်တီကိုမက်ဒရစ်မှထွက်ခွာကာ ဘာစီလိုနာဆီ ပြောင်းရွှေ့ဖို့သာ လိုလားနေပါတယ်။ ဒါပေမဲ့ ပရီးမီးယားချန်ပီယံဟောင်း ဂယ်ရီနဗီးလ်ကတော့ အာဆင်နယ်အတွက် ၂၀၂၆-၂၀၂၇ ဘောလုံးရာသီမှာ ချန်ပီယံဆုကာကွယ်နိုင်ဖို့ ထိပ်တန်းတိုက်စစ်မှူးတစ်ဦး လိုအပ်နေတယ်လို့ သုံးသပ်လိုက်ပါတယ်။
"အာတီတာတည်ဆောက်ထားတဲ့ ကစားသမားစုက တကယ့်ကို အံ့ဩစရာကောင်းပါတယ်။ အကယ်၍ သူက ဒီအစုအဖွဲ့ဆီ နောက်ထပ်တိုက်စစ်မှူးတစ်ဦး ထပ်မံဖြည့်တင်းနိုင်မယ်ဆိုရင်၊ ဂျူလီယန်အယ်လ်ဗာရက်ဇ်ကို ဘယ်လိုနည်းနဲ့မဆို ခေါ်ယူနိုင်မယ်ဆိုရင် ကမ္ဘာ့အဆင့်ခံစစ်ကစားသမားတွေ၊ ကွင်းလယ်လူတွေနဲ့အတူ ကမ္ဘာ့အဆင့် တိုက်စစ်မှူးတစ်ဦးကို ပိုင်ဆိုင်သွားနိုင်လို့ ဒီနေရာကို ပိုပြီး တောက်ပလာစေပါလိမ့်မယ်။
သူတို့က ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးရုံတင်မကဘဲ နောက်တစ်ဆင့်အဖြစ် ချန်ပီယံလိဂ်ဖလားကိုပါ ဆွတ်ခူးသွားနိုင်ပါလိမ့်မယ်။ ဒါက တကယ့်ကို အရေးကြီးတဲ့ ၁၀ ရက်တာ ကာလပါပဲ။ အာတီတာအတွက် တိုက်စစ်ပိုင်းအားမကောင်းချိန်မှာတောင် အနိုင်ရရှိအောင် လုပ်ဆောင်ပေးနိုင်မယ့် မှော်ဆန်တဲ့ ကစားသမားမျိုး လိုအပ်ပါတယ်" လို့ ဂယ်ရီနဗီးလ်က ဆိုပါတယ်။