
စူပါမားကတ်ဝန်ထမ်းဘဝမှ မန်စီးတီးကွင်းလယ်အင်ဂျင်သစ် ဖြစ်လာတဲ့ ရိန်ဒါစ်
မန်စီးတီးအသင်း အခုနွေရာသီမှာ ပထမဆုံးခေါ်ယူလိုက်တဲ့ ကစားသမားသစ်ကတော့ တီဂျာနီ ရိန်ဒါစ်ပဲ ဖြစ်ပါတယ်။ စွယ်စုံရကွင်းလယ်ကစားသမားက Aldi Supermarket မှာ ဝန်ထမ်းအဖြစ် ကျင်လည်ခဲ့ဖူးပေမယ့် အခုအချိန်မှာတော့ နည်းပြကြီးပက်ဂွါဒီယိုလာရဲ့ကစားသမားသစ် ဖြစ်လာခဲ့ပါပြီ။
အသက်-၂၆ နှစ်အရွယ် ရိန်ဒါစ်က ကီဗင်ဒီဘရိုင်းရဲ့ပရိသတ်တစ်ဦးဖြစ်ပြီး ဘယ်လ်ဂျီယံကြယ်ပွင့်ချန်ထားခဲ့တဲ့ ကွက်လပ်ကို ဖြည့်ဆည်းနိုင်မလားဆိုတဲ့စမ်းသပ်မှုနဲ့ ရင်ဆိုင်ရပါတော့မယ်။ အေစီမီလန်အသင်းဆီ ပြောင်းရွှေ့ဖြစ်ခဲ့ချိန် ထိပ်တန်းအဆင့်ဆီ ဘယ်လိုကူးပြောင်းရောက်ရှိလာသလဲလို့ မေးမြန်းရာ နယ်သာလန်လက်ရွေးစင်က “ မကြာသေးခင်းတုန်းကပဲ ကျွန်တော့်အကြောင်းရေးသားထားတဲ့ ‘အပျော်တမ်းအဆင့်မှ အေစီမီလန်သို့’ဆိုတဲ့ သတင်းဆောင်းပါးတစ်ပုဒ်ကို တွေ့လိုက်မိပါတယ်။
ဒါပေမဲ့ ခေါင်းစဉ်ကို ‘Aldi Supermarket ဝန်ထမ်းဘဝမှ အေစီမီလန်သို့’လို့ ပေးလိုက်မယ်ဆိုရင် ပိုတောင်ကောင်းလိမ့်မယ်လို့ ကျွန်တော်တွေးလိုက်မိပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။ အခုတော့ ပက်ဂွါဒီယိုလာရဲ့ကွင်းလယ်ဗိုလ်ချုပ်သစ်အတွက် ‘Aldi မှ မန်စီးတီးဆီသို့’ဆိုတဲ့ ပိုမိုကောင်းမွန်တဲ့ လမ်းကြောင်းသစ်တစ်ခု ရှိလာပါပြီ။ စွမ်းဆောင်ရည်ကောင်းတွေနဲ့အတူ ကြယ်ပွင့်အဆင့်သတ်မှတ်ချက်တွေနဲ့ ရောက်ရှိလာသူဖြစ်ပေမယ့် ကွင်းလယ်လူအတွက် စိန်ခေါ်မှုတွေလည်း ရှိနေပြန်ပါတယ်။
နယ်သာလန်နဲ့ အေစီမီလန်ဂန္တဝင် ဖရန့်ခ်ရီကတ်ကတော့ ရိန်ဒါစ်ကို ထိပ်တန်းအဆင့်မှာရပ်တည်နိုင်မယ့်သူလို့ ယုံကြည်နေပါတယ်။
အခုဘောလုံးရာသီအစောပိုင်းမှာ ရီကတ်က “ ရိန်ဒါစ်ကို ကမ္ဘာ့အကောင်းဆုံးကွင်းလယ်လူတွေအနက် တစ်ဦးဖြစ်လာမယ်လို့ မျှော်လင့်မိပါတယ်။ လမ်းကြောင်းမှန်ပေါ် သူရောက်ရှိနေပြီလို့လည်း ကျွန်တော် ရိုးသားစွာ ယုံကြည်မိပါတယ်။ သူ့ကစားဟန်ကို ကျွန်တော် တကယ်ကြိုက်ပါတယ်။ သူက ကွင်းလယ်နေရာစုံမှာ လွှမ်းခြုံမှုပေးပြီး အသင်းအပေါ်ထားရှိတဲ့စေတနာကိုလည်း ပြသပါတယ်။ ရိန်ဒါစ်က အသင်းအတွက် မဆုတ်မနစ်ကစားပြီး အမြဲတမ်းပေးဆပ်နေသူတစ်ဦး ဖြစ်ပါတယ်။
သူပိုင်ဆိုင်ထားတဲ့အရည်အသွေးတွေနဲ့အတူ အသင်းဖော်တွေအတွက် အခွင့်အရေးကောင်းတွေ ဖန်တီးပေးနိုင်သလို အသင်းလိုက်ကစားဟန်လည်း ကောင်းမွန်စေပါတယ်”လို့ ပြောပါတယ်။
ရိန်ဒါစ်က ကွင်းလယ်ပိုင်းအားဖြည့်ဖို့လိုနေတဲ့ မန်စီးတီးအတွက် လိုအပ်မယ့်အကူအညီအချို့ကို သယ်ဆောင်လာနိုင်ပါလိမ့်မယ်။ AZ အယ်လ်ခမာကစားသမားဟောင်းက အခုရာသီ၊ စီးရီးအေပြိုင်ပွဲမှာ ဘောလုံးကြားဖြတ်ရယူမှုအများဆုံး၊ အသင်းလိုက်ကစားဟန်မှတဆင့် အခွင့်အရေးဖန်တီးပေးမှုအများဆုံးကစားသမား ဖြစ်ပါတယ်။
ရိန်ဒါစ်က ဒီဘရိုင်းလောက် ဂိုးဖန်တီးပေးမှုအပိုင်း မကောင်းမွန်ပေမယ့် သွင်းဂိုးရှာဖွေနိုင်စွမ်းတော့ မြင့်မားပါတယ်။ အေစီမီလန်ကွင်းလယ်ဗိုလ်ချုပ်က အခုဘောလုံးရာသီမှာ ၁၅ ဂိုးအထိ သွင်းယူခဲ့ပြီး ဒါက အီတာလျံထိပ်တန်းလိဂ်မှာရှိနေတဲ့ ဘယ်ကွင်းလယ်ကစားသမားထက်မဆို နှစ်ဂိုးပိုမိုများပြားပါတယ်။ ရိန်ဒါစ်ရဲ့အမြင့်ပျံလမ်းကြောင်းကို သူ့ရဲ့ဖခင်လည်းဖြစ်၊ အေးဂျင့်လည်းဖြစ်တဲ့ မာတင်ရဲ့ဂရုစိုက်မှုတွေနဲ့အတူ တည်ဆောက်ခဲ့ပါတယ်။ မာတင်က ဒတ်ချ်ကလပ် Zwolle မှာ ဂျပ်စတမ်းနဲ့ တွဲဖက်ကစားဖူးတဲ့ ဘောလုံးသမားဟောင်း ဖြစ်ပါတယ်။
မာတင်တို့မိသားစုက သူတို့ရဲ့သားလေးကို ဘောလုံးသမားတစ်ဦးဖြစ်လာအောင် အစီအစဉ်တွေ စနစ်တကျချမှတ်ထားခဲ့ပါတယ်။ သူတို့တွေက နိုက်ဂျီးရီးယားတောင်ပံကစားသမား တီဂျာနီ ဘာဘမ်ဂျီဒါရဲ့ အမည်ကို တုပကာ တီဂျာနီ ရိန်ဒါစ်လို့ ကင်ပွန်းတပ်ခဲ့ပါတယ်။ ရိန်ဒါစ်ရဲ့ညီငယ် အယ်လ်လီယာနိုကလည်း ဖခင်ရဲ့အသင်းဟောင်းဖြစ်တဲ့ Zwolle အတွက် ကစားပေးနေပါတယ်။ အေစီမီလန်ဆီ ရိန်ဒါစ်ပြောင်းရွှေ့လာပြီးနောက် မာတင်က ဘာစီလိုနာရဲ့ကမ်းလှမ်းမှုကို ပယ်ချဖို့ သားအဖနှစ်ဦး ဆုံးဖြတ်ဖြစ်ပုံအကြောင်း ပြန်ပြောင်းဖွင့်ဟခဲ့ပါတယ်။
အဲ့ဒီအချိန်တုန်းက ဘာစီလိုနာက ဆာဂျီယိုဘတ်စ်ကွက်နေရာမှာ အစားထိုးနိုင်မယ့်သူကို ရှာဖွေခဲ့ပြီး မာတင်က သူ့ရဲ့သားဆီ မှန်ကန်သင့်လျော်တဲ့ စိန်ခေါ်မှုမျိုး မဟုတ်သေးဘူးလို့ ရှင်းပြကာ ကမ်းလှမ်းမှုကို ပယ်ချဖို့ ရဲရင့်ပြတ်သားတဲ့ဆုံးဖြတ်ချက်တစ်ခု ချမှတ်ခဲ့ပါတယ်။ ဒတ်ချ်ပြည်တွင်းမီဒီယာ Algemeen Dagblad နဲ့တွေ့ဆုံချိန် မာတင်က “ ချက်ချင်းဆိုသလိုပဲ ကျွန်တော်က ရိန်ဒါစ်ဆီ မင်းဟာ အဲ့ဒီပုံစံမျိုးကစားသမားမဟုတ်ဘူး၊ ဒီအချက်ကိုမသိလိုက်ခင်လေးမှာပဲ မင်းရဲ့ဘ၀ အရန်ခုံမှာ ကုန်ဆုံးသွားလိမ့်မယ်၊ ပြီးတော့ မင်းဟာ နိုင်ငံရပ်ခြားမှာကျရှုံးတဲ့ နောက်ထပ်ကစားသမားတစ်ဦး ဖြစ်လာလိမ့်မယ်ဆိုတာ ရှင်းပြခဲ့ပါတယ်”လို့ ပြောပါတယ်။
လွန်ခဲ့တဲ့နှစ်နှစ်တာကာလကပင် ပရီးမီးယားလိဂ်ဘက်မှ စိတ်ဝင်စားမှုအချို့ရှိခဲ့ပေမယ့် ရိန်ဒါစ်က မီလန်မြေမှာပဲ အလျှင်အမြန်ဖွံ့ဖြိုးတိုးတက်လာပြီး အခုအချိန်မှာတော့ နောက်ထပ်ကြီးမားတဲ့ခြေလှမ်းတစ်ခုလှမ်းနိုင်ဖို့ ပြင်ဆင်နေပါပြီ။ ကစားသမားဘဝတိုးတက်မှုအတွက် အစီအစဉ်တကျပြင်ဆင်ခဲ့သလို ရိန်ဒါစ်က သူ့ရဲ့ပွဲစဉ်တွေထဲမှာ ပိုကောင်းသထက်ကောင်းနိုင်ဖို့ လေ့လာသင်ယူမှုတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။ The Athletic သတင်းဌာနနဲ့တွေ့ဆုံချိန် ရိန်ဒါစ်က “ အသက်အရွယ်ပိုရလာလေလေ၊ ဒီဘရိုင်းရဲ့ကစားဟန်ကို ပိုကြည့်ဖြစ်လေလေပါပဲ။ သူ့ရဲ့ပွဲစဉ်တွေရော၊ YouTube ဗီဒီယိုတွေပါ ကျွန်တော် ကြည့်ဖြစ်ခဲ့ပါတယ်။
အထူးသဖြင့် ဘောလုံးမရရှိသေးခင် ကွင်းတစ်ခုလုံးအပေါ် သူ့ရဲ့လွှမ်းခြုံရှုမြင်နိုင်စွမ်းကို အတော်လေး သဘောတွေ့မိပါတယ်။ ဒါကြောင့် သူက ဘယ်နေရာမှာ နေရာလွတ်ရှိသလဲဆိုတာ အမြဲတမ်းလိုလို သိရှိပါတယ်။ အဲ့ဒီလိုပုံစံမျိုးလုပ်နိုင်ဖို့ ကျွန်တော်လည်း ကြိုးစားကြည့်ပါတယ်”လို့ ပြောပါတယ်။ ဒါပေမဲ့ ပွဲစဉ်တွေဆီ ဒီဘရိုင်းရဲ့စတိုင်တွေ မပေါင်းထည့်သေးခင် မန်စီးတီးကစားသမားသစ်က ပက်ဂွါဒီယိုလာလက်အောက် အင်နီယေစတာချန်ထားခဲ့တဲ့ အမွေအနှစ်တွေကိုလည်း လေ့လာခဲ့ပါတယ်။
ဟာလန်းရောက်ရှိလာမှုလို သိသာထင်ရှားမှုမျိုး မရှိပေမယ့် သေချာတဲ့အပြောင်းအရွှေ့တစ်ခုဖြစ်လာဖို့ သဘောတူညီမှုအနည်းငယ်တော့ လုပ်ခဲ့ရမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါပဲ။ ဒါပေမယ့် မန်စီးတီးကတော့ ရိန်ဒါစ်လိုမျိုး ဘောလုံးပွဲစဉ်တစ်ခုမှာ ကိုယ့်အသင်းအသာစီးရရှိစေမယ့် ကစားသမားတစ်ဦးကို အမိအရခေါ်ယူလိုက်နိုင်ပါပြီ။