
နော်တင်ဟမ်ဖောရက်စ်ရဲ့ကမ်းလှမ်းမှု ကိုငြင်းပယ်ပြီး မန်စီးတီးနဲ့ စာချုပ်သစ်ချုပ်ဆိုသွားမယ့် ရီကိုလူးဝစ်
မန်ချက်စတာစီးတီးနောက်ခံလူ ရီကိုလူးဝစ်ဟာ အီတီဟတ်မှာပဲ ဆက်လက်နေထိုင်လိုတာကြောင့် နော်တင်ဟမ်ဖောရက်စ်ရဲ့ကမ်းလှမ်းမှုကိုငြင်းပယ်ပြီး မန်စီးတီးနဲ့ ၅ နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။
Daily Mail သတင်းဌာနကတော့ ရီကိုလူးဝစ်ဟာ မကြာခင်မှာပဲ ၅ နှစ်သက်တမ်းရှိစာချုပ်သစ်ကို မန်စီးတီးနဲ့ချုပ်ဆိုသွားတော့မယ်လို့ ဖော်ပြထားပါတယ်။အင်္ဂလန်လက်ရွေးစင်နောက်ခံလူဟာ ၂၀၂၂-၂၃ ရာသီမှာ မန်စီးတီးအတွက် စတင်ပွဲထွက်ခွင့်ရခဲ့ပြီး ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ ၄၄ ပွဲအထိ ပါဝင်ကစားခွင့်ရခဲ့ပါတယ်။
အသက်-၂၀ အရွယ်သာရှိသေးတဲ့ ရီကိုလူးဝစ်ဟာ ညာနောက်ခံနေရာမှာသာမက ကွင်းလယ်နေရာမှာပါ ကစားနိုင်တဲ့ စွယ်စုံရကစားသမားဖြစ်တာကြောင့် နည်းပြပက်ဂွါဒီယိုလာအနေနဲ့ အသင်းမှာပဲ ဆက်လက်ထန်းသိမ်းဖို့ ရည်ရွယ်ထားတယ်လို့သိရပါတယ်။ ယခုနွေရာသီအတွင်း မန်စီးတီးဟာ ရာယန်အိတ်နူရီ၊ ရာယန်ချာကီ၊ တီဂျာနီရိန်ဒါစ်နဲ့ ဂျိမ်းစ်ထရက်ဖို့ဒ်တို့ကိုခေါ်ယူအားဖြည့်ထားသလို၊ အသင်းမှ ကယ်ဗင်ဒီဘရိုင်းနဲ့ ကိုင်လ်ဝေါ်လ်ကာတို့လို ကစားသမားတွေကိုလည်း ဆုံးရှုံးထားရတာဖြစ်ပါတယ်။
ရီကိုလူးဝစ်ဟာ မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်၊ အက်ဖ်အေဖလား၁ ကြိမ်၊ ယူအီးအက်ဖ်အေစူပါဖလား၊ ကလပ်ကမ္ဘာ့ဖလားနဲ့ ကွန်မြူနတီဒိုင်းတို့ကို ဆွတ်ခူးရရှိထားပါတယ်။ ဒါ့အပြင် နောက်ခံလူဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက်လည်း ၅ ပွဲအထိ ပါဝင်ကစားခွင့်ရထားသူဖြစ်ပါတယ်။
ပြီးခဲ့တဲ့စနေနေ့က ဝုဗ်ကို ၄-၀ နဲ့ဂိုးပြတ်အနိုင်ယူပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ထိပ်ဆုံးကနေဦးဆောင်ထားတဲ့ မန်စီးတီးဟာ လာမယ့်တနင်္ဂနွေနေ့မှာတော့ တော့တင်ဟမ်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး နိုင်ပွဲဆက်သွားမလား စောင့်ကြည့်ရပါမယ်။