 
                                                                        နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲစဉ်မှာ မာတီနက်ဇ်ပါဝင်ကစားနိုင်မှာမဟုတ်ကြောင်း အသိပေးလာတဲ့ အာမိုရင်
မန်ချက်စတာယူနိုက်တက်နည်းပြရူဘင်အာမိုရင်က အသင်းရဲ့နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ဟာ လေ့ကျင့်ရေးကွင်းသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ပေမယ့် စနေနေ့နော်တင်ဟမ်ဖောရက်စ်နဲ့ယှဉ်ပြိုင်သွားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ပါဝင်ကစားဖို့ အဆင်သင့်မဖြစ်သေးကြောင်း ပြောကြားလာခဲ့ပါတယ်။
အာဂျင်တီးနားလက်ရွေးစင်ဟာ ယခုနှစ်အစောပိုင်းကရရှိခဲ့တဲ့ ဒူးအရွတ်စုတ်ပြဲဒဏ်ရာကြောင့် ကာလရှည်အနားယူနေခဲ့ရတာဖြစ်ပြီး ယခုအခါမှသာ လေ့ကျင့်ရေးအစီအစဉ်တွေ စတင်ပြုလုပ်လာနိုင်ခဲ့တာဖြစ်ပါတယ်။ မာတီနက်ဇ်အနေနဲ့ ဖောရက်စ်နဲ့ပွဲမှာပါဝင်ကစားဖို့စိတ်အားထက်သန်နေပေမယ့် အာမိုရင်ကတော့ အဆင်သင့်မဖြစ်သေးဘူးလို့ဆိုပါတယ်။
ပေါ်တူဂီသားနည်းပြက "မာတီနက်ဇ်က ဖောရက်စ်နဲ့ပွဲမှာပါဝင်ကစားချင်နေပါတယ်။ ဒါပေမယ့် သူဒီပွဲအတွက် အဆင်သင့်မဖြစ်သေးပါဘူး။ ကြံ့ခိုင်မှုတည်ဆောက်ဖို့ အချိန်လိုအပ်ပါသေးတယ်။ ကျွန်တော်တို့နဲ့အတူ လေ့ကျင့်ရေးပြန်ဆင်းနေပြီး တဖြည်းဖြည်းတော့ပိုကောင်းလာပါပြီ။ အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တိုင်းမှာ အမြင့်ဆုံးအခြေအနေအထိလုပ်နိုင်နေပါပြီ။ ဒါကတကယ်ကောင်းပါတယ်" လို့ပြောကြားခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ အားထားရတဲ့ဗဟိုခံစစ်မှူး ဟယ်ရီမက်ဂွါရီကလည်း ဒဏ်ရာပြဿနာကြုံတွေ့ထားရလို့ ဖောရက်စ်နဲ့ပွဲစဉ်မှာ ပါဝင်ကစားဖို့မသေချာသေးပါဘူး။ အင်္ဂလန်လက်ရွေးစင်ဟာ ပြီးခဲ့တဲ့အပတ်က ဘရိုက်တန်နဲ့ပွဲစဉ်ကိုလည်း ဒဏ်ရာကြောင့်လွဲချော်ထားခဲ့တာဖြစ်ပါတယ်။ အာမိုရင်က "အခြားကစားသမားတွေကတော့ ကြံ့ခိုင်မှုတည်ဆောက်ဖို့ အချိန်တစ်ရက်ရပါသေးတယ်။ ဟယ်ရီမက်ဂွါဒီရဲ့အခြေအနေကိုတော့ ကျွန်တော်မသိပေမယ့် အခြားကစားသမားတွေကတော့ အားလုံးအဆင်သင့်ပါပဲ" လို့ပြောကြားခဲ့ပါတယ်။
ဖောရက်စ်နဲ့ပွဲစဉ်ကိုအနိုင်ရပါက ယူနိုက်တက်ဟာ ၂၀၂၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ် ၄ ပွဲဆက်နိုင်ပွဲကို ပြန်လည်ပုံဖော်သွားနိုင်မှာဖြစ်ပါတယ်။ဆက်လက်ပြီးအာမိုရင်က "ဒီအသင်းက ဘရိုက်တန်နဲ့မတူပါဘူး။ မတူညီတဲ့ကစားပုံနဲ့ယှဉ်ပြိုင်သွားရပါမယ်။ ပြီးတော့ အခုက အဝေးကွင်းပွဲစဉ်ပါ။ ပတ်ဝန်းကျင်ကိုထိန်းချုပ်ပြီးကစားနိုင်ဖို့လိုပါတယ်။ ဒီပွဲအတွက်ကျွန်တော်တို့ သေချာပြင်ဆင်ထားပါတယ်" လို့ပြောကြားခဲ့ပါတယ်။
 
         
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                