
အာမိုရင်အပေါ် ယုံကြည်ချက်အပြည့်အဝရှိနေဆဲဖြစ်ကြောင်း ပြောကြားလာတဲ့ ယူဂါတီ
မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ မန်နူရယ်ယူဂါတီက အသင်းနည်းပြ ရူဘင်အာမိုရင်အနေနဲ့ ပွဲဦးထွက်ရာသီမှာ ကျရှုံးမှုတွေနဲ့ကြုံတွေ့ခဲ့ရပေမယ့် အသင်းရဲ့ကစားသမားတွေဟာ သူ့အပေါ် ယုံကြည်ချက်အပြည့်အဝရှိနေဆဲဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလက အဲရစ်တန်ဟက်နေရာကို အစားထိုးဝင်ရောက်လာခဲ့တဲ့ အာမိုရင်ဟာ ပရီးမီးယားလိဂ်ဒုတိယရာသီဝက်မှာ နိုင်ပွဲ ၇ ပွဲသာဖော်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ယူနိုက်တက်ဟာ ပေါ်တူဂီသားနည်းပြရဲ့ဦးဆောင်မှုနဲ့အတူ အသင်းသမိုင်းတစ်လျှောက် နှစ် ၅၀ အတွင်း အဆိုးဝါးဆုံးအမှတ်ပေးဇယားရပ်တည်မှုအဖြစ် အဆင့် ၁၅ နေရာနဲ့ ရာသီသိမ်းခဲ့ရပါတယ်။
သို့သော်လည်း အာမိုရင်ဟာ ယူနိုက်တက်အတွက် စစ်မှန်တဲ့ခေါင်းဆောင်ဖြစ်ကြောင်းကို ယူဂါတီက "ကျွန်တော်တို့မှာ တိုးတက်မှုတွေရှိလာပါပြီ။ အဆင်သင့်ပြင်ရမယ့် ပွဲတွေလည်းရှိနေပါတယ်။ အခုချိန်မှာ တစ်သင်းလုံး စိတ်ဓာတ်တက်ကြွနေပြီး နည်းပြအပေါ်မှာလည်း ယုံကြည်မှုရှိနေပါတယ်။ ကျွန်တော်တို့လိုချင်တဲ့အရာပေါ်မှာ ယုံကြည်မှုရှိနေပြီး ဒီယုံကြည်မှုကအရမ်းအရေးကြီးပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ယူဂါတီဟာ ပြီးခဲ့တဲ့ရာသီကမှ ပီအက်စ်ဂျီမှ ယူနိုက်တက်သို့ စတင်ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။ အသင်းသို့စတင်ရောက်ရှိချိန်မှာ ဥရုဂွေးလက်ရွေးစင်အနေနဲ့ ဒဏ်ရာပြဿနာအချို့ကြုံခဲ့ရပေမယ့် ယခုအခါမှာတော့ အရေးပါတဲ့ကွင်းလယ်လူအဖြစ် ရပ်တည်ထားနိုင်ပြီဖြစ်ပါတယ်။ ဆက်လက်ပြီး ယူဂါတီက "ပြီးခဲ့တဲ့ရာသီက ကျွန်တော်တို့ ပြောင်းလဲမှုအချို့ပြုလုပ်ခဲ့ပါတယ်။ နည်းပြအပြောင်းအလဲပြုလုပ်ခဲ့သလို၊ ကစားကွက်ကိုလည်း ပြောင်းလဲခဲ့ပါတယ်။ ဒီနှစ်မှာတော့ ကျွန်တော်ပိုကောင်းလာပြီး စိတ်လည်းလှုပ်ရှားနေပါတယ်။ ယူနိုက်တက်အတွက် ပုံစံကောင်းနဲ့ကစားပေးနိုင်ဖို့က ကျွန်တော့်အတွက်အရေးကြီးဆုံးပါပဲ"
"ယူနိုက်တက်ရဲ့ ကစားသမားတစ်ဦးက တာဝန်တွေအများကြီးရှိပါတယ်။ ကျွန်တော်ဒီကိုပြောင်းရွှေ့လာရလို့ အရမ်းပျော်ပြီး လမ်းကြောင်းမှန်ပေါ်ပြန်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်။ တစ်ခါတလေမှာ ကစားသမားတွေ အချိတ်အဆက်အမိဖို့ အချိန်ပေးရတာတွေရှိပါတယ်။ အခုတော့ ကျွန်တော်တို့ တစ်ယောက်အကြောင်းတစ်ယောက်ပိုသိလာကြပါပြီ။ ပြီးတော့ ပရီးမီးယားလိဂ်အကြောင်းနဲ့ ပြိုင်ဘက်အသင်းတွေအကြောင်းကိုလည်း ပိုသိလာပါတယ်" လို့ပြောကြားခဲ့ပါတယ်။