The network connection is lost.

Banner Image

မန်စီးတီးနဲ့ ရူဘင်ဒီယက်စ်တို့အကြား စာချုပ်သစ်အတွက် သဘောတူညီမှုရရှိပြီလို့ သတင်းထွက်ပေါ်

မန်စီးတီးနဲ့ ရူဘင်ဒီယက်စ်တို့အကြား စာချုပ်သစ်တစ်ရပ်ချုပ်ဆိုသွားဖို့အတွက် သဘောတူညီမှုရရှိသွားပြီလို့ ESPN နဲ့နီးစပ်တဲ့သတင်းရင်းမြစ်တစ်ဦးထံမှ သိရပါတယ်။ ရူဘင်ဒီယက်စ်က အီတီဟတ်ကွင်းမှာ ၂၀၂၇ ခုနှစ်အထိ ရှိနေမယ့် စာချုပ်တစ်ရပ်ကို ပိုင်ဆိုင်ထားပေမယ့် ကလပ်အသင်းဘက်ကတော့ ပေါ်တူဂီနောက်ခံလူကို အသင်းမှာ ကာလရှည်ဆက်ရှိနေစေဖို့အတွက် စာချုပ်သစ်တစ်ခုပေးအပ်ဖို့ အလျှင်အမြန်လှုပ်ရှားလာခဲ့ပါတယ်။

မန်စီးတီးတာဝန်ရှိသူတွေနဲ့ ဒီယက်စ်ရဲ့ကိုယ်စားလှယ်တွေအကြား စာချုပ်သစ်ကို အပြီးသတ်နိုင်ဖို့ လုပ်ဆောင်နေပေမယ့် ESPN ရဲ့သတင်းရင်းမြစ်တစ်ဦးကတော့ နှစ်ဖက်အကြား မူအားဖြင့် သဘောတူညီမှုရရှိထားပြီလို့ ပြောဆိုခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်၊ ဘင်ဖီကာမှရောက်ရှိလာပြီးနောက်ပိုင်း ဒီယက်စ်က ပက်ဂွါဒီယိုလာရဲ့အသင်းအတွက် အဓိကကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။

သူက မန်စီးတီးအတွက် ပွဲ ၂၀၀ ကျော် ပါဝင်ကစားခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ပိုင်ဆိုင်ခဲ့ပါတယ်။ မန်စီးတီးမှာ လာမယ့်နှစ်နှစ်အတွင်း စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ကစားသမားများစွာ ရှိပါတယ်။ ဂမ်ဒိုဂန်၊ ဂျွန်စတုန်းစ်၊ အီဒါဆန်နဲ့ ဘာနာဒိုဆေးလ်ဗားတို့ရဲ့ စာချုပ်သက်တမ်းက နောက်ဆုံးနှစ်ဆီ ဝင်ရောက်လာပါပြီ။

ရိုဒရီ၊ ဖိုဒန်၊ ကိုဗာဆစ်၊ အကီ၊ ဂရီးလစ်ရှ်နဲ့ အကန်ဂျီတို့ကလည်း စာချုပ်သက်တမ်းနှစ်နှစ်ပဲ ကျန်ရှိပါတယ်။ ဒီယက်စ်ကတော့ သူ့ရဲ့အနာဂတ်ကို မန်စီးတီးဆီမှာပဲထားရှိဖို့ ဟာလန်းနဲ့အတူ ကတိကဝတ်ပြုလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း နော်ဝေတိုက်စစ်မှူးက ၂၀၃၄ ခုနှစ်အထိ သက်တမ်းရှိမယ့် စာချုပ်တစ်ရပ်ကို မန်စီးတီးနဲ့ ချုပ်ဆိုခဲ့ပါတယ်။ ESPN နဲ့နီးစပ်တဲ့သတင်းရင်းမြစ်တစ်ဦးအဆိုအရ ဒီယက်စ်ရဲ့အနာဂတ်ခိုင်မာသေချာသွားပြီဆိုရင် ရိုဒရီနဲ့ ဖိုဒန်တို့ကို ကာလရှည်စာချုပ်သစ်တွေပေးအပ်သွားဖို့ ကလပ်အသင်းတာဝန်ရှိသူတွေ ကြိုးစားသွားမယ်လို့ သိရပါတယ်။