
နယူးကာဆယ်နဲ့ပွဲမှာ မက်ဒီဆင် ဒူးခေါင်းဒဏ်ရာရရှိခဲ့ကြောင်း အသိပေးလာတဲ့ သောမတ်စ်ဖရန့်ခ်
တော့တင်ဟမ်နည်းပြသောမတ်စ်ဖရန့်ခ်က အသင်းရဲ့ကွင်းလယ်ကြယ်ပွင့် ဂျိမ်းစ်မက်ဒီဆင်ဟာ နယူးကာဆယ်ကို ၁-၁ နဲ့သရေကျခဲ့တဲ့ခြေစမ်းပွဲမှာ ဒူးခေါင်းဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း အသိပေးပြာကြားလာခဲ့ပါတယ်။ အဆိုပါ နယူးကာဆယ်နဲ့ပွဲစဉ်ဟာ အသင်းခေါင်းဆောင်ဆွန်ဟောင်မင်ရဲ့ နောက်ဆုံးနှုတ်ဆက်ပွဲစဉ်ဖြစ်ပေမယ့် တော့တင်ဟမ်အနေနဲ့ အနိုင်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ခြင်းမရှိဘဲ သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ မက်ဒီဆင်ဟာ ပွဲကစားချိန် ၈၃ မိနစ်မှာ နယူးကာဆယ်တောင်ပံကစားသမား အန်တိုနီအီလန်ဂါနဲ့ ထိခိုက်မိခဲ့တာဖြစ်ပြီး လမ်းမလျှောက်နိုင်တော့တာကြောင့် ထမ်းစင်နဲ့ ကွင်းထဲမှထွက်ခွာခဲ့ရပါတယ်။
ပွဲအပြီးမှာ သောမတစ်ဖရန့်ခ်က "သူ့ရဲ့ဒဏ်ရာက အရင်တုန်းကဖြစ်ခဲ့ဖူးတဲ့ ဒူးဒဏ်ရာဆိုတာ ကျွန်တော်တို့ အတော်လေးသေချာပါတယ်။ တစ်ခါတလေမှာ ဘောလုံးက အလှတရားတွေနဲ့ပြည့်နှက်နေသလို၊ တစ်ခါတလေမှာလည်း ရက်စက်မှုတွေနဲ့ကြုံရတတ်ပါတယ်။ ဒီနေ့ပွဲက သက်သေပါပဲ။ တစ်ဖက်မှာ မက်ဒီဆင်က ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိပြီး ထွက်သွားရတဲ့အချိန် တစ်ဖက်မှာတော့ ဆွန်က အသင်းဖော်တွေကိုနှုတ်ဆက်ပြီး ပြိုင်ဘက်နယူးကာဆယ်ကစားသမားတွေကလည်း ဂုဏ်ပြုပေးခဲ့ကြပါတယ်"
"ကျွန်တော်တို့ ဆွန်ကို ပတ်ပတ်လည်ဝိုင်းထားပြီး ဂုဏ်ပြုတဲ့အချိန်မှာ သူလည်းအတော်လေး ဝမ်းနည်းဝမ်းသာဖြစ်နေပုံပါပဲ။ အဝတ်လဲခန်းထဲမှာဆို ဒီထက်ပိုဆိုးပါတယ်။ ကျွန်တော် သူနဲ့ပတ်သက်ပြီး စကားနည်းနည်းပြောခဲ့သလို၊ သူကလည်း နှုတ်ဆက်စကားပြောခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ယခုနယူးကာဆယ်နဲ့ပွဲစဉ်မှာ မက်ဒီဆင်ဟာ ပွဲကစားချိန် ၇၅ မိနစ်ရောက်မှ အရန်ခုံမှထပြီး လူစားဝ်ကစားသမားအဖြစ်ပါဝင်ခဲ့တာဖြစ်ပေမယ့် ပွဲပြီးဆုံးအောင်ကစားခွင့်မရခဲ့ဘဲ ၈ မိနစ်အကြာမှာ ပြန်လည်ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ ယခုပွဲစဉ်ကို တောင်ကိုရီးယားနာမည်ကျော် ရုပ်ရှင်မင်းသား ပက်ခ်ဆောဂျွန်လည်း လာရောက်ကြည့်ရှုခဲ့ပြီး ပက်ခ်ဟာ ဆွန်နဲ့ရင်းနှီးတဲ့မိတ်ဆွေတစ်ဦးလည်းဖြစ်ပါတယ်။ တော့တင်ဟမ်ဥက္ကဌ ဒန်နီယယ်လီဗိုင်ကလည်း ဆွန်ကို လက်ဆွဲနှုတ်ဆက်ပြီးဂုဏ်ပြုခဲ့သလို၊ နယူးကာဆယ်ကြယ်ပွင့် အန်သိုနီဂေါ်ဒွန်ကလည်း လှိုက်လှိုက်လှဲလှဲ ဖက်ပြီးနှုတ်ဆက်ခဲ့ပါတယ်။ ဆွန်ရဲ့ အသင်းဖော်တောင်ပံကစားသမား ဘရန်နန်ဂျွန်ဆင်ကလည်း အသင်းအတွက်ဂိုးသွင်းပြီးနောက်မှာ ဆွန်ရဲ့ပုံစံအတိုင်း အောင်ပွဲခံပြခဲ့ပါတယ်။
သတင်းတွေအရ ဆွန်ဟာ တော့တင်ဟမ်နဲ့လမ်းခွဲပြီးပါက မေဂျာလိဂ်ကလပ်သို့ ပြောင်းရွှေ့ကစားသွားဖွယ်ရှိနေပြီး လော့စ်အိန်ဂျလိစ်အက်ဖ်စီနဲ့ လက်တွဲသွားမယ်လို့သိရပါတယ်။ ပွဲအပြီးမှာ ဆွန်က "တော့တင်ဟမ်က ကျွန်တော့်နှလုံးသားထဲမှာ အမြဲတမ်းရှိနေမှာပါ။ ပြီးတော့ အသင်းဖော်တွေအားလုံးကိုလည်း အမြဲတမ်းအမှတ်ရနေပါမယ်။ ဒီမှာနေခဲ့ရတဲ့အချိန်က အရမ်းမြန်သလိုခံစားရပါတယ်။ ၁၀ နှစ်အတွင်း မယုံနိုင်လောက်တဲ့အခိုက်အတန့်တွေလည်း ကြုံတွေ့ခဲ့ရပါတယ်။ ကျွန်တော်မရှိတဲ့ချိန်မှာလည်း အကောင်းဆုံးတွေဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်" လို့ပြောကြားခဲ့ပါတယ်။