The network connection is lost.

Banner Image

ဆလိုဗက်ကီးယားနဲ့ ပွဲစဉ်မှာ အင်္ဂလန်အတွက်ပါဝင်ကစားနိုင်တော့မယ့် လုခ်ရှော

အင်္ဂလန်အသင်းရဲ့အဓိကဘယ်နောက်ခံလူ လုခ်ရှောဟာ ဒဏ်ရာကနေ ပြန်လည် သက်သာလာတာကြောင့် လာမယ့်တနင်္ဂနွေနေ့၊ ရှုံးထွက် ၁၆ သင်းအဆင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်သွားရမယ့် ဆလိုဗက်ကီးယားနဲ့ပွဲစဉ်မှာ ပါဝင်ကစားနိုင်တော့မယ်လို့ သိရပါတယ်။

လုခ်ရှောဟာ ဒဏ်ရာကြောင့် ပြီးခဲ့တဲ့ဖေဖော်ဝါရီလကတည်းက ယူနိုက်တက်အတွက် ပွဲထွက်ကစားနိုင်ခြင်းမရှိသော်လည်း ဂါရတ်ဆောက်ဂိတ်ကတော့ အသက်-၂၈ နှစ်အရွယ် ကစားသမားကို အင်္ဂလန်အသင်းရဲ့လူစာရင်းမှာ ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ လုခ်ရှော ကစားနိုင်ခြင်းမရှိသေးတာကြောင့် ပြီးခဲ့တဲ့အုပ်စုအဆင့်ပွဲစဉ် ၃ ပွဲစလုံးမှာတော့ ဆောက်ဂိတ်ဟာ နယူးကာဆယ်ကြယ်ပွင့် ကီရန်ထရစ်ပီယာကိုသာ ဘယ်နောက်ခံနေရာအတွက် အသုံးပြုထားခဲ့ပါတယ်။

သို့သော်လည်း ထရစ်ပီယာဟာ ခြေသလုံးကြွက်သားဒဏ်ရာ ရှိနေတဲ့အပြင် ညာသန်ကစားသမားတစ်ဦးဖြစ်နေတာကြောင့် ဘယ်နောက်ခံနေရာမှာ ခြေစွမ်းပြကစားနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ ယခုအခါမှာတော့ ယူနိုက်တက်ကြယ်ပွင့်က ဒဏ်ရာကနေသက်သာလာပြီး သူကိုယ်တိုင်ကလည်း ဆလိုဗက်ကီးယားနဲ့ပွဲစဉ်မှာ ပါဝင်မယ့်အကြောင်း ပြောကြားလာတာကြောင့် အင်္ဂလန်အတွက် အားတက်စရာကောင်းလာခဲ့ပါတယ်။

ဆလိုဗေးနီးယားကို ၀-၀ နဲ့သရေကျခဲ့တဲ့ ပွဲစဉ်အပြီးမှာ ဘယ်တော့ပြန်ကစားနိုင်မလဲလို့မေးမြန်းခဲ့ရာ ရှောက “နောက်ပွဲပေါ့” လို့ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဒီသတင်းဟာ အင်္ဂလန်အသင်းအတွက်သာမက ဆောက်ဂိတ်နဲ့ အင်္ဂလန်ရဲ့ကစားပုံကို အားရကျေနပ်ခြင်းမရှိတဲ့ ပရိသတ်တွေအတွက် အပြုသဘောဆောင်တဲ့  သတင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ အုပ်စုအဆင့်အတွင်း ဆားဘီးယား၊ ဒိန်းမတ်၊ ဆလိုဗေးနီးယားတို့နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်တွေမှာ အင်္ဂလန်ရဲ့ကစားပုံဟာ အတော်လေးပျင်းရိစရာကောင်းခဲ့ပြီး လူစာရင်းနဲ့မလိုက်တဲ့ခြေစွမ်းမျိုးကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

ဘယ်နောက်ခံနေရာမှာ ထရစ်ပီယာက ခြေစွမ်းမပြနိုင်တာကြောင့် ဘယ်တောင်ပံနေရာက ဖိုဒန်ကလည်း တိုင်ပတ်နေခဲ့ပြီး ဘယ်ဘက်အခြမ်းမှာ မကစားနိုင်ဘဲ ကွင်းလယ်တိုက်စစ်နေရာမှာသာ မျောနေခဲ့တာဖြစ်ပါတယ်။  သို့သော်လည်း ယခုအခါမှာတော့ ဆလိုဗက်ကီးယားနဲ့ ထိပ်တိုက်တွေ့ဆုံနေတဲ့ ၁၆ သင်းအဆင့်ပွဲစဉ်မှာ အင်္ဂလန်ဟာ နိုင်ငံရဲ့ နပါတ် ၁ ဘယ်နောက်ခံကစားသမားကို ထည့်သွင်းနိင်ပြီဖြစ်လို့ တိုးတက်မှုတွေပြုလုပ်သွားနိုင်မလားစောင့်ကြည့်ရပါမယ်။

လက်ရှိအချိန်မှာတော့ ဖိုဒန်ဟာ သူ့ရဲ့ တတိယမြောက်ကလေးမွေးဖွားမှုကြောင့် အသင်းကနေထွက်ခွာပြီး မိသားစုနဲ့အတူ ရှိနေရတာဖြစ်ပါတယ်။ ဒါကြောင့် ဆောက်ဂိတ်အနေနဲ့ လေ့ကျင့်ရေးအစီအစဉ်တွေပျက်ကွက်နိုင်တဲ့ ဖိုဒန်ရဲ့နေရာမှာ အခြားကစားသမားနဲ့အစားထိုးသွားမလား စောင့်ကြည့်ရပါဦးမယ်။

တစ်ချိန်တည်းမှာပဲ ယူနိုက်တက်ကြယ်ပွင့်ကွင်းလယ်လူ ကိုဘီမိုင်နူးက ပြီးခဲ့တဲ့ ဆလိုဗေးနီးယားနဲ့ပွဲစဉ်မှာ ဒုတိယပိုင်းအတွင်း ကော်နာဂယ်လာဂါအစား ဝင်ရောက်ကစားခဲ့ပြီး တိုးတက်မှုကိုပြသထားနိုင်တာကြောင့် ဆောက်ဂိတ်အနေနဲ့ နောက်ပွဲစဉ်တွေမှာ ပွဲထွက်ကစားသမားအဖြစ် အသုံးပြုလာနိုင်ချေရှိနေပါတယ်။