နယ်သာလန်နဲ့ပွဲမှာ ပွဲချန်ပြည့်ကစားဖို့ ကြံ့ခိုင်မှုပြည့်ဝနေတဲ့ လုခ်ရှော
အင်္ဂလန်လက်ရွေးစင်နောက်ခံလူ လုခ်ရှောဟာ ဒဏ်ရာပြဿနာကို ကျော်ဖြတ်နိုင်ခဲ့ပြီးနောက်မှာတော့ နယ်သာလန်နဲ့ယှဉ်ပြိုင်သွားရမယ့် ယူရို ၂၀၂၄ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပွဲချိန်ပြည့်ပါဝင်ကစားဖို့ ကြံ့ခိုင်မှုပြည့်ဝနေကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်က အီတလီကိုရှုံးနိမ့်ခဲ့တဲ့ ၂၀၂၀ ယူရိုဗိုလ်လုပွဲမှာ အင်္ဂလန်အတွက် ဂိုးသွင်းယူပေးခဲ့တဲ့ ရှောဟာ ဒီနှစ်ယူရိုကိုတော့ ဒဏ်ရာပြဿနာကြောင့် တစ်ပွဲမှ ပွဲထွက်ပါခွင့်မရသေးဘဲ ပြီးခဲ့တဲ့ ကွာတားဖိုင်နယ် ဆွစ်ဇာလန်နဲ့ပွဲစဉ်မှသာ လူစားဝင်ကစားသမားအဖြစ် ပထမဆုံးအကြိမ်ပါဝင်ခွင့်ရထားတာဖြစ်ပါတယ်။
ရှောဟာ ဂါရတ်ဆောက်ဂိတ်ရွေးချယ်ခဲ့တဲ့ အင်္ဂလန်ရဲ့နောက်ဆုံး ကစားသမား ၂၆ ယောက်စာရင်းမှာ ပါဝင်ခဲ့သော်လည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက ဒဏ်ရာပြဿနာကြောင့် ကလပ်အသင်းမှာပါ အနားယူနေရသူဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ဟာ အင်္ဂလန်ရဲ့ လက်ရှိကစားထားတဲ့ ယူရိုပွဲစဉ် ၅ ပွဲမှာ ၁ ပွဲသာပါဝင်ခွင့်ရထားပါတယ်။
ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာတော့ လုခ်ရှောက “ကျွန်တော် ကစားဖို့ အဆင့်သင့်ဖြစ်နေပါပြီ။ ဒါပေမယ့် ဒါက ဂါရတ်ဆောက်ဂိတ်အပေါ်မှာပဲ မူတည်ပါတယ်။ ကျွန်တော်ကတော့ ကြံ့ခိုင်မှုပြည့်ဝနေပြီး ပွဲထွက်ကစားဖို့ အဆင်သင့်ပါပဲ” “အသင်းမှာ အစီအစဉ်ရှိတယ်ဆိုတာ မကြေညာခင်ကတည်းက ကျွန်တော့်အနေနဲ့ ဒုတိယမြောက် ဒါမှမဟုတ် တတိယမြောက် ပွဲစဉ်လောက်မှာ ပါဝင်ကစားဖို့စီစဉ်ထားခဲ့ပေမယ့် အစီအစဉ်အတိုင်းမဖြစ်ခဲ့လို့ ဆုတ်ယုတ်မှုအနည်းငယ်ရှိခဲ့ပါတယ်။ ပြိုင်ပွဲတစ်ခုလုံးကို လွဲချော်မယ်လို့ ထင်ခဲ့ပြီး အခုချိန်မှာတော့ ပြင်းပြင်းထန်ထန်ကြိုးစားခဲ့လို့ ဒီနေရာကို ရောက်လာပါပြီ။ ပြန်ကစားနိုင်မယ်ဖို့ အခွင့်အရေးရှိတယ်ဆို သိခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ရှောပါဝင်ကစားဖို့ ရှိမရှိက နည်းပြဆောက်ဂိတ်အပေါ်သာမူတည်နေပြီး လောလောဆယ်အင်္ဂလန်ရဲ့ဘယ်နောက်ခံနေရာကိုတော့ နယူးကာဆယ်ကြယ်ပွင့် ကီရန်ထရစ်ပီယာက ဝင်ရောက်ကစားနေတာဖြစ်ပါတယ်။ ထရစ်ပီယာဟာ ပုံမှန်ဆို ညာနောက်ခံနေရာမှာ ကစားလေ့ရှိတာကြောင့် လက်ရှိနေရာမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပါတယ်။
အင်္ဂလန်ရဲ့ ၃-၄-၂-၁ ကစားကွက်မှာ ဘူကာယိုဆာကာက ညာနောက်ခံနေရာမှာ ကစားနေတာကြောင့် ရှောသာပါဝင်ကစားနိုင်မယ်ဆိုရင် ဆောက်ဂိတ်အနေနဲ့ ပြီးပြည့်စုံတဲ့ လူစာရင်းကို ပွဲထုတ်နိုင်မှာဖြစ်ပါတယ်။