မိုဆာလက်နဲ့ အန်းစလော့အကြား ဆက်ဆံရေးမကောင်းခဲ့ဘဲ လီဗာပူးမှာ ကလော့ပ်သာ ဆက်ရှိနေသင့်တယ်လို့ ပြောဆိုလိုက်တဲ့ လိုဗရန်
လီဗာပူးနောက်ခံလူဟောင်းလိုဗရန်က အခုနွေရာသီ၊ မိုဆာလက်ရဲ့ အသင်းမှထွက်ခွာမှုနဲ့ပတ်သက်လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။
အသက် ၃၃ နှစ်အရွယ်အီဂျစ်တိုက်စစ်မှူးက သူ့ရဲ့စာချုပ်သက်တမ်းတစ်နှစ် ကျန်ရှိနေသေးပေမဲ့ ဘောလုံးရာသီကုန်ဆုံးချိန်၊ အန်ဖီးလ်မြေမှ ထွက်ခွာမယ်လို့ မတ်လအတွင်း တရားဝင်ကြေညာခဲ့ပါတယ်။
မိုဆာလက်က လီဗာပူးအတွက် ဂိုး ၂၅၀ ကျော် သွင်းယူပေးခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုနှစ်ကြိမ်၊ ရွှေဖိနပ်ဆုလေးကြိမ်နဲ့ PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုသုံးကြိမ်အပါအဝင် အောင်မြင်မှုများစွာရယူခဲ့ကာ ကလပ်အသင်းရဲ့ဂန္တဝင်တစ်ဦးအဖြစ် အန်ဖီးလ်ကွင်းကို နှုတ်ဆက်သွားခဲ့ပါတယ်။
အန်းစလော့နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးမရှိခဲ့တဲ့ မိုဆာလက်ရဲ့အကောင်းဆုံးမိတ်ဆွေဖြစ်သူ လိုဗရန်က မိုဆာလက်နဲ့ အန်းစလော့အကြား ဆက်ဆံရေးအကြောင်းနဲ့ အသင်းမှ နည်းပြဟောင်းယာဂန်ကလော့ပ် မထွက်ခွာသင့်ပုံတို့ကို ရှင်းပြသွားခဲ့ပါတယ်။
"သူတို့နှစ်ဦးအကြားမှာ ဆက်ဆံရေးမကောင်းခဲ့ကြပါဘူး။ ရိုးရိုးရှင်းရှင်းပြောရရင် ကလော့ပ်ရှိနေချိန်တုန်းကတော့ မိုဆာလက်နဲ့ နည်းပြအကြား အရမ်းကောင်းတဲ့ ဆက်ဆံရေး ရှိခဲ့ပါတယ်။ အမြဲတမ်း ပြီးပြည့်စုံမှုမရှိဘူးဆိုရင်တောင် သူတို့က တစ်ဦးအကြောင်းတစ်ဦး ကောင်းကောင်းသိကြပြီး အပြန်အလှန် ယုံကြည်မှု၊ ချစ်ခင်မှုတွေ ရှိခဲ့ကြပါတယ်။ မိုဆာလက်က ကလော့ပ်အတွက် ကွင်းထဲမှာ အရာအားလုံးပေးဆပ်ခဲ့သလို ကလော့ပ်ကလည်း မိုဆာလက်အပေါ် ယုံကြည်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အန်းစလော့နဲ့ကျတော့ ဆန်ကျင့်ဘက်ပါပဲ။ ရှင်းပါတယ်။"
"ကျွန်တော် ပြောခဲ့သလိုပဲ၊ မို ခြေစွမ်းမပြနိုင်တဲ့ အခိုက်အတန့်တွေမှာ ကလော့ပ်က သူ့ကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သိပါတယ်။ သူ့ကို ဘယ်လိုကာကွယ်ပေးရမလဲ၊ သူ ခြေစွမ်းမပြနိုင်ရင်တောင် နောက်ပွဲစဉ်အတွက် ဘယ်လိုဆက်ထိန်းထားရမလဲဆိုတာ ကလော့ပ်သိပါတယ်။ ဒါပေမဲ့ မိုဆာလက် ပြောခဲ့သလိုပါပဲ၊ ကလပ်အသင်းက မိုဆာလက်ကို ပစ်ပယ်လိုက်ကြတာပါ"
"တကယ်လို့ ကလော့ပ်သာ အသင်းမှာ နောက်ထပ်တစ်နှစ် သို့မဟုတ် နှစ်နှစ်လောက် ဆက်ရှိနေခဲ့ရင် မိုဆာလက်ကိုယ်တိုင် အခုထက်မကကောင်းမွန်တဲ့ပုံစံမျိုးနဲ့ ထွက်ခွာသွားရနိုင်ပါတယ်။ ဒါပေမဲ့... ဒါက ဖြစ်ပျက်သွားခဲ့တဲ့ အခြေအနေပေါ့ဗျာ"လို့ လိုဗရန်က ပြောပါတယ်။
လတ်တလောမှာ လိုဗရန်က အသင်းမှထွက်ခွာသွားပြီဖြစ်တဲ့ အန်းစလော့နဲ့ပတ်သက်လို့ အခုလိုပဲ ပွင့်ပွင့်လင်းလင်း ပြောကြားသွားခဲ့ပါတယ်။ စိတ်ပျက်စရာကောင်းတဲ့ ဘောလုံးရာသီတစ်ခုအပြီး အန်းစလော့ရုတ်တရက်ထွက်ခွာသွားလို့ လူအများ သက်ပြင်းချနိုင်ခဲ့ပြီး လာမယ့်သီတင်းပတ်တွေအတွင်း ဒတ်ချ်လူမျိုးနည်းပြနဲ့ ကစားသမားတွေအကြား ဆက်ဆံရေးအကြောင်းတွေ ပိုမိုထွက်ပေါ်လာနိုင်ပါတယ်။