ဖလော်ရီယန်ဝစ်ဇ်ရဲ့စွမ်းဆောင်ရည်ကောင်းတွေ နောက်ထပ်ရောက်ရှိလာဦးမယ်လို့ ဆိုလိုက်တဲ့ ဗန်ဒိုက်
ပြီးခဲ့တဲ့စနေနေ့၊ ဝုဗ်ကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိတဲ့ပွဲစဉ်မှာ လီဗာပူးကစားသမားဘဝ၊ ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့တဲ့ ဖလော်ရီယန်ဝစ်ဇ်နဲ့ပတ်သက်လို့ မျှော်လင့်ချက်တွေကို ကပ္ပတိန်ဗန်ဒိုက်ကိုယ်တိုင် မြှင့်တင်ပေးလာပါတယ်။ အန်ဖီးလ်မှာကစားခဲ့တဲ့ပွဲစဉ်ရဲ့ပွဲချိန် ၄၂ မိနစ်မှာ ဖလော်ရီယန်ဝစ်ဇ်က ကြိုးကြာနီတွေအတွက် အနိုင်ဂိုးဖြစ်လာမယ့် အဖိုးတန်ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူခဲ့ပါတယ်။
ဒါကြောင့် နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ပေါင် ၁၁၆ သန်းအထိ အသုံးပြုကာ ခေါ်ယူထားတဲ့ ဂျာမန်သားက ပြိုင်ပွဲစုံ ၂၃ ပွဲကစားပြီးနောက် သူ့ရဲ့ပထမဆုံးဂိုးကို ရရှိခဲ့ပါတယ်။ ESPN သတင်းဌာနနဲ့တွေ့ဆုံချိန် ဖလော်ရီယန်ဝစ်ဇ်ရဲ့အခန်းကဏ္ဍနဲ့ပတ်သက်လို့ ဗန်ဒိုက်က “ သူ့အတွက် ကျွန်တော် အရမ်းပျော်ရွှင်မိပါတယ်။ ဖလော်ရီယန်ဝစ်ဇ်က အရမ်းကောင်းတဲ့ပွဲစဉ်တစ်ခုကို ကစားခဲ့တာပါ။ ပထမပိုင်းပွဲချိန်တွေမှာဆိုရင် အသင်းကစားသမားအားလုံးရဲ့စွမ်းဆောင်ရည်ပိုင်း အရမ်းကောင်းမွန်ခဲ့ပါတယ်။ အခုလိုမျိုးမြင်တွေ့ရတာ အရမ်းကောင်းမွန်သလို ဖလော်ရီယန်ဝစ်ဇ်ဆီမှ အခုထက်ပိုပြီးမြင်တွေ့လာရဦးမယ်လို့ ထင်ပါတယ်။
ဖလော်ရီယန်ဝစ်ဇ်က လီဗာပူးအတွက် ကစားပေးရခြင်းအပြင် အသင်းတစ်ခုအဖြစ် ကျွန်တော်တို့လုပ်ချင်တဲ့အရာတွေနဲ့ အသားကျလာပါပြီ။ ပွဲစဉ်တွေရဲ့ပြင်းထန်မှုနဲ့လည်း အသားကျလာပါပြီ။ ပွဲချိန်မိနစ် ၇၀ လောက်မှာ သူ အနည်းငယ်ကြွက်တက်လာတယ်လို့ ထင်ပါတယ်။ ဒါက ပွဲစဉ်ရဲ့အစိတ်အပိုင်း ဖြစ်ပါတယ်။ သူကိုယ်တိုင် ဆက်ကြိုးစားနေဖို့ပဲ လိုအပ်ပါတယ်။ ကျွန်တော်တို့အတွက် အလွန်အရေးပါတဲ့သွင်းဂိုးဖြစ်ပြီး အခုတော့ နှစ်သစ်ကူးနေ့ပွဲစဉ်ဆီ အာရုံစိုက်သွားရပါမယ်။
ဖလော်ရီယန်ဝစ်ဇ်က ကွင်းလုံးပြည့်ပြေးလွှားနေတယ်လို့ ထင်ပါတယ်။ တချို့အချိန်တွေမှာ ဘယ်ခြမ်းဆီ ရောက်ရှိနေသလို အချို့အချိန်တွေမှာလည်း ဗဟိုမှာ ရှိနေပြန်ပါတယ်။ သူက ဘောလုံးနဲ့အတူ သက်သောင့်သက်သာကစားနိုင်တဲ့ အလွန်ဉာဏ်ရည်ထက်မြက်တဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။ သူက လိုင်းတွေကြားမှာ နေရာလွတ်တွေ ရှာဖွေနိုင်လို့ အလွန်အရေးပါလာနိုင်ပါတယ်။
သူကိုယ်တိုင်လည်း သွင်းဂိုးတွေ၊ ဂိုးဖန်တီးပေးမှုတွေနဲ့ပတ်သက်လို့ အရေးပါချင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အမြင်အရ သူ့ရဲ့လုပ်အားနှုန်းနဲ့ သူဖန်တီးပေးတဲ့ အခွင့်အရေးတွေဟာ ပိုလို့တောင် အရေးကြီးတယ်လို့ ထင်ပါတယ်။ ကျန်တဲ့အသင်းဖော်တွေလိုပဲ သူ့အတွက် ကျွန်တော် အရမ်းကျေနပ်မိပါတယ်။ အောင်ပွဲခံမှုတွေကို ခင်ဗျားတို့လည်း မြင်တွေ့ပါတယ်။ အားလုံးက သူ့အတွက် အရမ်းပျော်ရွှင်နေကြပါတယ်”လို့ ပြောပါတယ်။