လီဗာပူးပရိသတ်တွေရဲ့ဒေါသမီးကြောင့် အခုအချိန်အထိ နာကျင်ပူလောင်နေတယ်လို့ ဖွင့်ဟလာတဲ့ အာနိုးလ်
လီဗာပူးကြယ်ပွင့်ဟောင်းအာနိုးလ်က ၂၀၂၅ ခုနှစ်၊ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ခဲ့မှုနဲ့ပတ်သက်လို့ အသင်းဟောင်းပရိသတ်တွေရဲ့တုံ့ပြန်ပုံအပေါ် သူ့ရဲ့စိတ်ပျက်ရမှုကို ဖွင့်ဟပြောကြားခဲ့ပါတယ်။
အင်္ဂလန်လက်ရွေးစင်က သူ့ရဲ့ကစားသမားဘ၀စတင်ရာ ကလပ်အသင်းရဲ့ စာချုပ်သက်တမ်းတိုးမြှင့်ဖို့ ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး လာလီဂါပြိုင်ပွဲဆီ စိန်ခေါ်မှုအသစ်တစ်ခုနဲ့ရင်ဆိုင်ဖို့ ပြောင်းရွှေ့သွားခဲ့ပါတယ်။
ကနဦးမှာ ရီးရဲလ်မက်ဒရစ်ဆီ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာဖို့ ဆွေးနွေးခဲ့ကြပေမဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မှတ်ပုံတင်စာရင်းသွင်းနိုင်ဖို့ စာချုပ်သက်တမ်းနောက်ဆုံးရက်သတ္တပတ်တွေဆီ ရောက်ရှိနေတဲ့ အာနိုးလ်အတွက် စပိန်ထိပ်သီးကလပ်အသင်းက ပေါင် ၁၀ သန်းဝန်းကျင် ပေးချေခဲ့ရပါတယ်။
အသင်းပြောင်းရွှေ့မယ့်ကိစ္စမှာ ကစားသမားဖြစ်သူရဲ့ဆုံးဖြတ်ချက်အပြင် ထွက်ခွာပုံတို့နဲ့ ပတ်သက်ပြီး ပရိသတ်တွေရဲ့စိတ်ပျက်ဒေါသထွက်မှုတွေက သဘောထားကွဲလွဲမှုတွေကို ဖန်တီးလာခဲ့ပြီး ဒါက စပိန်မြေမှာ ပုံမှန်ခြေစွမ်းမပြသနိုင်မှုအပေါ် သက်ရောက်မှုရှိခဲ့တယ်လို့ အသက် ၂၇ နှစ်အရွယ်ကစားသမားက ဝန်ခံခဲ့ပါတယ်။
Mirror Sport နဲ့ အင်တာဗျူးမှာ အာနိုးလ်က"လီဗာပူးပရိသတ်တွေရဲ့ လှောင်ပြောင်မှုနဲ့ စိတ်ပျက်မှုတွေကို ကျွန်တော် အပြည့်အဝသည်းခံနိုင်စွမ်း ရှိပါတယ်။ ဒါကို ကျွန်တော့်ရဲ့ကိုယ်ပိုင်နည်းလမ်းနဲ့ နားလည်ပေးနိုင်ပါတယ်" လို့ ပြောပါတယ်။
"ဒါပေမဲ့ ကျွန်တော့်ဘဝနဲ့ပတ်သက်လို့ ကျွန်တော် ရွေးချယ်ချင်တဲ့ ဆုံးဖြတ်ချက်တွေအပေါ် တစ်နေ့ကျရင် နားလည်မှုတစုံတရာ ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
ဘာပဲဖြစ်ဖြစ် ကျွန်တော့်အတွက် နာကျင်ရပါတယ်။ ဘာကြောင့်လို့လဲဆိုတော့ နှစ်ပေါင်း ၂၀ ကြာကာလအတွင်း အသင်းအတွက် ကျွန်တော် ဘယ်လောက်အထိ ကြိုးပမ်းပေးဆပ်ခဲ့ရလဲဆိုတာနဲ့ အဲဒီကာလအတွင်း ကျွန်တော် ပေးဆပ်ခဲ့ရတဲ့အရာတွေကြောင့် ဖြစ်ပါတယ်။ ဒါက တကယ့်ကို နာကျင်ရပါတယ်" လို့ ဆိုပါတယ်။
ဒါ့အပြင် အက်စ်ပန်ညိုအသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ညာနောက်ခံလူနေရာအတွက် ဒမ်ဖရီးစ်ကို နည်းပြမော်ရင်ဟို ပွဲထုတ်လာလို့ အာနိုးလ်က ရီးရဲလ်မက်ဒရစ်ရဲ့ ၂၀၂၆-၂၀၂၇ ဘောလုံးရာသီကို အရန်ခုံတန်းမှာပဲ စတင်လိုက်ရပါတယ်။