ဖူလ်ဟမ်နဲ့ပွဲမတိုင်မီမှာပဲ ချဲလ်ဆီးနည်းပြသစ်ဖြစ်လာမယ်လို့ ထင်ကြေးပေးခံနေရတဲ့ ရိုဆင်နီယာ
ပြင်သစ်လီဂူးကလပ် စထရာဘော့ကိုကိုင်တွယ်နေတဲ့ နည်းပြ လီယမ်ရိုဆင်နီယာဟာ ချဲလ်ဆီးသို့ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပြီး လာမယ့်ကြာသပတေးနေ့ ဖူလ်ဟမ်နဲ့ယှဉ်ပြိုင်သွားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီမှာပဲ စတန်းဖို့ဒ်ဘရစ်ချ်သို့ရောက်ရှိလာမယ်လို့ ထင်ကြေးပေးခံနေရပါတယ်။
ချဲလ်ဆီးဟာ နည်းပြ အန်ဇိုမာရက်စ်ကာကို ရာထူးမှထုတ်ပယ်ခဲ့ပြီးနောက်ပိုင်း ရက်ပိုင်းအတွင်းမှာပဲ နည်းပြသစ်ကိုရှာဖွေနေခဲ့ပြီး ယခုအခါမှာတော့ ရိုဆင်နီယာကို ထိပ်တန်းပစ်မှတ်အဖြစ်သတ်မှတ်ထားတာဖြစ်ပါတယ်။ ရိုဆင်နီယာအနေနဲ့လည်း ယခင်က ဘရိုက်တန်မှာ နောက်တန်းကစားသမားအဖြစ် ကစားခဲ့ဖူးတာကြောင့် ပရီးမီးယားလိဂ်နဲ့ အသားကျဖို့ ခက်ခက်ခဲခဲရုန်းကန်သွားရဖွယ်မရှိပါဘူး။
ဒါကြောင့်ချဲလ်ဆီးဟာ ကြားရက် ဖူလ်ဟမ်နဲ့ပွဲစဉ်မတိုင်မီမှာပဲ ရိုဆင်နီယာကို စတန်းဖို့ဒ်ဘရစ်ချ်သို့ အမိအရခေါ်ယူနိုင်ဖို့ အလားအလာများနေတာဖြစ်ပါတယ်။ စနေနေ့က နိုက်စ်ကိုသရေကျခဲ့တဲ့ လီဂူးဝမ်းပွဲစဉ်အပြီးမှာတော့ ရိုဆင်နီယာက သူ့အနေနဲ့ ချဲလ်ဆီးသို့ပြောင်းရွှေ့ဖို့ ခိုင်မာတဲ့အထောက်အထားမရှိသေးကြောင်း ပြောကြားထားခဲ့ပါတယ်။
သို့သော်လည်း ပြင်သစ်သတင်းတွေအရတော့ ရိုဆင်နီယာဟာ ချဲလ်ဆီးနဲ့ဆွေးနွေးမှုတွေပြုလုပ်ထားခဲ့ပြီး ဆွေးနွေးမှုတွေက အပြုသဘောဆောင်တာကြောင့် မာရက်စ်ကာရဲ့နေရာမှာဆက်ခံဖို့ သေချာသလောက်ဖြစ်နေတယ်လို့သိရပါတယ်။
တစ်ချိန်တည်းမှာပဲ တနင်္ဂနွေနေ့မှာ ရိုဆင်နီယာဟာ စထရာဘော့အသင်းဥက္ကဌ မာ့ခ်ခယ်လာ၊ အားကစားဒါရိုက်တာ ဒေးဗစ်ဝီယာတို့နဲ့အတူ လန်ဒန်သို့ထွက်ခွာလာခဲ့ပြီး ချဲလ်ဆီးသို့ပြောင်းရွှေ့မယ့်အလားအလာအတွက် ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ထားပါတယ်။