The network connection is lost.

Banner Image

လီဗာပူးအတွက် နွေရာသီအပြောင်းအရွှေ့ဈေးကွက် မပိတ်သေးပါဘူးလို့ အရိပ်အမြွက်ပြောလိုက်တဲ့ ဗန်ဒိုက်

လီဗာပူးကပ္ပတိန်ဗန်ဒိုက်က အသင်းရဲ့နွေရာသီအပြောင်းအရွှေ့ဇာတ်လမ်း ပြီးဆုံးဖွယ်မရှိသေးဘူးလို့ ပြောကြားလိုက်ပြီးနောက်  နယူးကာဆယ်ကြယ်ပွင့်အီဆက်ခ်ကိုလည်း ကြိုးကြာနီတွေ ခေါ်ယူတော့မယ်ဆိုတဲ့ ထင်ကြေးတွေ ပိုမိုထွက်ပေါ်လာခဲ့ပါတယ်။ အခုနွေရာသီဈေးကွက်အတွင်း ပေါင်သန်း ၃၀၀ နီးပါးသုံးစွဲထားတဲ့ အနီရောင်တပ်ဖွဲ့က ရာသီသစ်မစတင်ခင် အသင်းလူစာရင်းကို အခုထက်ပိုမိုတောင့်တင်းလာအောင် ပြုလုပ်သွားဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။

အခုနွေရာသီဈေးကွက်အတွင်း လီဗာပူးအသင်းဆီ ဂျာမန်ကြယ်ပွင့်သစ်ဖလော်ရီယန်ဝစ်ဇ်နဲ့ စွယ်စုံရညာနောက်ခံလူဖရင်းပေါင်တို့ ရောက်ရှိလာခဲ့သလို ဘုန်းမောက်ကစားသမားကာကက်ဇ်နဲ့ ဖရန့်ဖတ်တိုက်စစ်မှူးအီကီတီကီတို့လည်း မရှေးမနှောင်းပင် ဒီစာရင်းမှာ ပူးပေါင်းလာခဲ့ပါတယ်။ အသင်းလူစာရင်းပိုင်း သိသိသာသာတိုးတက်လာမှုနဲ့အတူ မာဆေးဆိုဒ်သားတွေနဲ့ အီဆက်ခ်တို့အကြား အပြောင်းအရွှေ့ထင်ကြေးပေးမှုတွေလည်း ပိုမိုကျယ်လောင်လာခဲ့ပါတယ်။

လီဗာပူးအသင်းနဲ့အတူ ရာသီကြိုခရီးစဉ်အဖြစ် ဟောင်ကောင်သို့ရောက်ရှိနေချိန် ဗန်ဒိုက်က ကလပ်အသင်းရဲ့အပြောင်းအရွှေ့ဇာတ်လမ်း ပြီးဆုံးဖွယ်မရှိသေးဘူးလို့ Anfield Warp ဆီ ပြောကြားခဲ့ပါတယ်။ ဗန်ဒိုက်က “ အပြောင်းအရွှေ့ဈေးကွက်ရဲ့လက်ကျန်ကာလတွေအတွက် ဘာတွေဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်သွားကြတာပေါ့။ အခုအချိန်အထိ အသင်းလူစာရင်းပိုင်းအတွက် အင်အားဖြည့်တင်းမှုတွေ အကောင်းဆုံးပြုလုပ်ထားနိုင်တယ်လို့ ထင်ပါတယ်။ သူတို့တွေမှာ လီဗာပူးအတွက်ကစားပေးဖို့ အရည်အသွေးရှိတယ်ဆိုတာ သေချာပါတယ်။

ကျွန်တော့်အတွက်တော့ ကစားသမားသစ်တွေ အသင်းမှာ ဘယ်လိုပုံစံမျိုးနဲ့အခြေကျသွားမလဲဆိုတာနဲ့ ဘယ်လိုပုံစံမျိုးအံဝင်ခွင်ကျဖြစ်မလဲဆိုတာ မြင်တွေ့ရဖို့ အလွန်အရေးကြီးတယ်လို့ ထင်ပါတယ်။ ဒီနေရာမှာ ဘယ်နေရာကနေရောက်ရှိလာတယ်ဆိုတာ သိမယ့်လူအတော်လေးနည်းပါးတဲ့ လူငယ်ဂိုးသမားလေး အာမင်ပက်စီလည်း ရှိပါတယ်။ သူလည်း ကောင်းကောင်းအခြေကျသွားပါပြီ။ ဒီနေ့ဆိုရင် ဖရက်ဒီဝုဒ်မန်း၊ မာမာဒါရှီဗီလီ၊ ဖလော်ရီယန်ဝစ်ဇ်၊ ဖရင်းပေါင်းနဲ့ အီကီတီကီတို့လည်း ရောက်ရှိလာပါပြီ။ အားလုံးအတူတူ အလုပ်ကြိုးစားသွားရပါမယ်။ ကျွန်တော်တို့အားလုံးအတူတကွရှိနေဖို့သာ အဓိကကျပါတယ်”လို့ ပြောပါတယ်။

ကစားသမားသစ်တွေအနက် အီကီတီကီဟာ ဥရောပရဲ့အထွန်းတောက်ဆုံးတိုက်စစ်မှူးတစ်ဦးအဖြစ် ကျော်ကြားပြီး သူ့ပတ်ဝန်းကျင်မှာလည်း မျှော်လင့်ချက်တွေ မြင့်မြင့်မားမားရှိနေပြန်ပါတယ်။ ဗန်ဒိုက်ကလည်း အီကီတီကီကို ပေါ့ပေါ့ပါးပါးဟာသလုပ်အရွှမ်းဖောက်မှုနဲ့အတူ ကြိုဆိုလိုက်ပြီး “ အီကီတီကီက အခုမှ လေကြောင်းခရီးစဉ်နဲ့ ရောက်ရှိလာသူဖြစ်ပါတယ်။ ဒါပေမယ့် ဂျာစီမှားဝတ်မယ်ဆိုရင်တော့ ကျွန်တော်တို့တွေ သူ့ကို ဒဏ်ရိုက်ရပါလိမ့်မယ်။ စတာပါဗျာ၊ ဒီအသင်းမှာ သူရှိနေတာကောင်းပါတယ်။ အခုတော့ အသင်းအတွက် အရေးပါသူတစ်ဦးဖြစ်လာဖို့ သူ့ရဲ့ကြိုးစားမှုတွေ လိုအပ်နေပါပြီ။ ဒါဆို လုံလောက်ပါတယ်”လို့ ပြောပါတယ်။

ကွင်းပြင်ပထင်ကြေးပေးမှုတွေ မြင့်တက်နေချိန်မှာပဲ လီဗာပူးက သူတို့ရဲ့ရာသီကြိုခရီးစဉ်အပေါ် ချက်ချင်းဆိုသလို အာရုံစိုက်လာခဲ့ပါတယ်။ သူတို့တွေက အခုသီတင်းပတ်ကုန်၊ ဟောင်ကောင်ရှိ Kai Tak Sports Park Stadium မှာ အီတလီဘီလူးကြီးအေစီမီလန်နဲ့ ခြေစမ်းပွဲကစားရပါမယ်။