
အစာအိမ်ရောဂါကြောင့် ဖျားနာပြီး ကိုယ်အလေးချိန် ၅ ကီလိုဂရမ်အထိကျဆင်းသွားတဲ့ အမ်ဘာပေ
ရီးရဲလ်မက်ဒရစ်တိုက်စစ်ကြယ်ပွင့် ခီလီယန်အမ်ဘာပေဟာ အစာအိမ်ဗိုင်းရပ်စ်ပိုးဝင်ပြီး ဖျားနာခဲ့တာကြောင့် ကိုယ်အလေးချိန် ၅ ကီလိုဂရမ်အထိကျဆင်းသွားခဲ့တယ်လို့ သတင်းတွေကဖော်ပြလာခဲ့ပါတယ်။
ပြင်သစ်သားဟာ ပြီးခဲ့တဲ့အပတ်က ဆေးရုံတက်ခဲ့ရတာကြောင့် ရီးရဲလ်မက်ဒရစ်ရဲ့ ကလပ်ကမ္ဘာ့ဖလား ပွဲစဉ် ၂ ပွဲကိုလွဲချော်ခဲ့ပြီး ယခုအခါမှာလည်း ပြန်ကစားဖို့အဆင်သင့်မဖြစ်သေးပါဘူး။ အသင်းနဲ့အတူ လေ့ကျင့်ရေးအစီအစဉ်တွေပြုလုပ်နေပေမယ့် အမ်ဘာပေဟာ လေ့ကျင့်ရေးကွင်းမှာ ပုံမှန်အတိုင်းပြန်မဖြစ်သေးဘူးလို့ Marca သတင်းဌာနက ဆိုပါတယ်။
လာမယ့်သောကြာနေ့မှာ ရီးရဲလ်မက်ဒရစ်ဟာ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဆဲလ်ဘတ်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အမ်ဘာပေတစ်ယောက် အဆိုပါပွဲစဉ်မှာပါဝင်နိုင်ဖို့ လေ့ကျင့်ရေးအစီအစဉ်တွေ ပြန်လည်လုပ်ဆောင်နေတာဖြစ်ပါတယ်။ ယခုတစ်ပတ်အတွင်း လေ့ကျင့်ရေးကွင်းသို့ ပြန်လည်ရောက်ရှိနေပြီဆိုပေမယ့် ပြင်သစ်လက်ရွေးစင်ဟာ ကိုယ်အလေးချိန် သိသိသာသာကျဆင်းသွားခဲ့တယ်လို့သိရပါတယ်။
အမ်ဘာပေဟာ ပြီးခဲ့တဲ့ရာသီက ရီးရဲလ်မက်ဒရစ်အတွက် စုစုပေါင်း ၅၆ ပွဲကစားခဲ့ကာ ၄၃ ဂိုးအထိသွင်းယူနိုင်ခဲ့ပေမယ့် ဆုဖလားတော့ ဆွတ်ခူးနိုင်ခဲ့ခြင်းမရှိတာကြောင့် ယခုနှစ်ဘောလွန်းဒီအော်နဲ့ထပ်မံလွဲချော်ဖို့ အလားအလာများနေပါတယ်။ ရီးရဲလ်မက်ဒရစ်နောက်ခံလူဟောင်း ဆာဂျီယိုရာမို့စ်ကတော့ ပြင်သစ်သားဟာ အနာဂတ်မှာ ဘောလွန်းဒီအော်ဆုကို ၄ ကြိမ်လောက်အထိရရှိနိုင်ကြောင်း ချီးကျူးပြောဆိုထားပါတယ်။
ရီးရဲလ်မက်ဒရစ်အနေနဲ့ ယခုဆဲလ်ဘတ်နဲ့ပွဲစဉ်မှာ သရေကျရုံနဲ့ ကလပ်ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်ကို အုပ်စုဗိုလ်နဲ့တက်ရောက်နိုင်မှာဖြစ်ပြီး တစ်ဖက်အုပ်စုက မန်ချက်စတာစီးတီး သို့မဟုတ် ဂျူဗင်တပ်စ်နဲ့ ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်ပါတယ်။