The network connection is lost.

Banner Image

နာပိုလီမှာ အသင်းဖော်ဟောင်းဂရီးလစ်ရှ်နဲ့ ပြန်ဆုံတွေ့နိုင်မယ့် အလားအလာကို အရိပ်အမြွက်ချပြလိုက်တဲ့ ဒီဘရိုင်း

မန်စီးတီးကစားသမားဂျက်ဂရီးလစ်ရှ်နဲ့ပတ်သက်ပြီး မေးမြန်းလာချိန် နာပိုလီကစားသမားသစ်ဒီဘရိုင်းက အသင်းဖော်ဟောင်းရဲ့အနာဂတ်နဲ့ပတ်သက်လို့ အရိပ်အငွေ့တစ်ခု ချပြသွားခဲ့ပါတယ်။ ဒီဘရိုင်းက ပြီးခဲ့တဲ့ဘောလုံးရာသီကုန်ဆုံးချိန်၊ မန်စီးတီးကို နှုတ်ဆက်ထွက်ခွာကာ အီတလီချန်ပီယံနာပိုလီဆီ ရောက်ရှိလာခဲ့ပါတယ်။ တဖက်မှာလည်း ကွန်တီက အင်္ဂလန်ကစားသမားကို နွေရာသီထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ ကြေညာပြီးနောက် နေပယ်လ်အခြေစိုက်ကလပ်ဆီ ဂျက်ဂရီးလစ်ရှ် ရောက်ရှိလိမ့်မယ်လို့ဆိုတဲ့ အပြောင်းအရွှေ့ချိတ်ဆက်မှုတွေ ရှိထားခဲ့ပါတယ်။

ဂရီးလစ်ရှ်ကလည်း ပြီးခဲ့တဲ့ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကာလတလျှောက် အီတလီမှာ လေ့ကျင့်ခန်းဆင်းနေခဲ့လို့ နာပိုလီဆီ ရောက်ရှိတော့မယ်ဆိုတဲ့ ထင်ကြေးပေးမှုတွေ ပြည့်နှက်လာခဲ့ပါတယ်။ ဒါပေမဲ့ သူ့ကိုခေါ်ယူနိုင်ရေး ပရီးမီးယားလိဂ်ကလပ်အသင်းတွေဖြစ်တဲ့ အဲဗာတန်နဲ့ဝက်စ်ဟမ်းတို့ စိတ်ဝင်စားနေတယ်လို့ ယုံကြည်ရပါတယ်။ အခုတော့ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီသစ်မတိုင်ခင် အသင်းဖော်ဟောင်းရဲ့အနာဂတ်စီမံကိန်းနဲ့ပတ်သက်တဲ့ မေးခွန်းတစ်ခု ဒီဘရိုင်းဆီ ရောက်ရှိလာခဲ့ပါတယ်။

နာပိုလီအကြောင်း ဂရီးလစ်ရှ်ကိုယ်တိုင် ခင်ဗျားဆီစုံစမ်းထားတာရှိသလားဆိုတဲ့ Corriere dello Sport ရဲ့မေးခွန်းကို  ဒီဘရိုင်းက “ စုံစမ်းကောင်းစုံစမ်းနိုင်ပါတယ်၊ ကျွန်တော့်ဆီမေးရင်လည်း မေးမှာပေါ့”လို့ မတင်မကျဖြေကြားခဲ့ပါတယ်။ ဒီနောက်မှာတော့ သူ့ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ဘယ်လ်ဂျီယံကြယ်ပွင့်က “ အင်္ဂလန်မှာတော့ ပြောင်းရွှေ့ဖို့အတွက် စီစဉ်နေတုန်းပဲ ရှိပါသေးတယ်။ ကျွန်တော်တို့မိသားစုနေထိုင်ဖို့ အိမ်တစ်လုံးရှာရပါဦးမယ်။ ပြီးရင် ကျွန်တော့်ရဲ့ကလေးသုံးယောက်နဲ့ ပစ္စည်းတွေရွှေ့ရပါမယ်။ ဒါမှသာ လာမယ့်စက်တင်ဘာလအတွင်း ကလေးတွေကို ကျောင်းထားပေးနိုင်ပါလိမ့်မယ်။ လုပ်စရာတွေ အများကြီးရှိပါတယ်။ ကျွန်တော်ကတော့ မကြာခဏဆိုသလို အဝေးရောက်နေတာပေါ့။ သြဂုတ်လကုန်ပိုင်းလောက်မှာ ကလေးတွေနဲ့အတူ ကျွန်တော့်ဇနီး ရောက်ရှိလာပါလိမ့်မယ်။ အင်္ဂလန်မှာ ဆယ်စုနှစ်တစ်ခုလောက် နေထိုင်ခဲ့တာဆိုတော့ ဘဝနေထိုင်မှုပုံစံသစ်နဲ့ အသားကျသွားဖို့ ပြင်ဆင်ရပါဦးမယ်။ ဒါပေမဲ့ အရာရာတိုင်းအဆင်ပြေသွားမယ်ဆိုတာ ကျွန်တော် အာမခံပါတယ်”လို့ ပြောပါတယ်။

ဂရီးလစ်ရှ်ကိုယ်တိုင်လည်း ဘောလုံးရာသီသစ်မစတင်ခင် အနာဂတ်နဲ့ပတ်သက်လို့ ဆုံးဖြတ်သွားပါလိမ့်မယ်။ အသက်-၂၉ နှစ်အရွယ်ကစားသမားက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မန်စီးတီးအသင်းမှာ မပါဝင်ခဲ့သလို ကလပ်အသင်းရဲ့စီမံကိန်းတွေမှာ အစိတ်အပိုင်းတစ်ရပ်ဖြစ်နေပုံ မရပါဘူး။ ဒါပေမဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် သောမတ်စ်တူချယ်ရဲ့အင်္ဂလန်အသင်းလူစာရင်းမှာ တစ်နေရာရရှိဖို့နဲ့ လာမယ့်ဘောလုံးရာသီမှာ ပုံမှန်ပွဲကစားခွင့် ရရှိနိုင်ဖို့ကိုတော့ ကြိုးစားသွားမယ်ဆိုတာ သေချာပါတယ်။