ရက်ရှ်ဖို့ဒ်နဲ့ ဒီကလန်ရိုက်စ်တို့ အပြည့်အ၀ပါဝင်ပူးပေါင်းလာလို့ အင်္ဂလန်အတွက် ခွန်အားသစ်ဖြစ်လာစေခဲ့
ဂါနာနဲ့ရင်ဆိုင်ရမယ့် ကမ္ဘာ့ဖလားပွဲစဉ်မတိုင်ခင် ရက်ရှ်ဖို့ဒ်နဲ့ ဒီကလန်ရိုက်စ်တို့နှစ်ဦးလုံး လေ့ကျင့်ရေးကွင်းဆီ အပြည့်အဝပြန်လည်ပူးပေါင်းလာနိုင်ခဲ့လို့ သောမတ်စ်တူချယ်ရဲ့ အင်္ဂလန်အသင်းအတွက် ကြီးမားတဲ့ခွန်အားတစ်ခု ဖြစ်လာခဲ့ပါတယ်။
သူတို့နှစ်ဦးမှာ ခရိုအေးရှားကို ၄-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အပြီး ဒဏ်ရာပြဿနာ အနည်းငယ်စီရှိခဲ့ကြလို့ စိုးရိမ်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမဲ့ The Guardian ရဲ့ဖော်ပြချက်အရ စနေနေ့လေ့ကျင့်ရေးအစီအစဉ်မှာ ကစားသမားနှစ်ဦးလုံး သက်တောင့်သက်သာလှုပ်ရှားနိုင်တယ်ဆိုတာကို မြင်တွေ့ခဲ့ရလို့ သူတို့နှစ်ဦးအတွက် စိုးရိမ်မှုတွေ လျော့ပါးသွားခဲ့တယ်လို့ သိရပါတယ်။
လတ်တလောမှာ ဒီကလန်ရိုက်စ်က အင်္ဂလန်အသင်းရဲ့ကွင်းလယ်တစ်နေရာမှာ ဆက်ပွဲထွက်လာဖို့ ရှိနေပြီး ရက်ရှ်ဖို့ဒ်ကတော့ ဘယ်တောင်ပံနေရာအတွက် ဂေါ်ဒွန်နဲ့အပြိုင် ဖြစ်နေပါတယ်။
တစ်ချိန်တည်းမှာပဲ ဆာကာကတော့ ဖနောင့်ကြွက်သားဒဏ်ရာပြဿနာကြောင့် ဆေးအဖွဲ့ရဲ့ဂရုတစိုက်ကိုင်တွယ်ကုသမှုကို ခံယူနေရဆဲဖြစ်ပြီး မိုးလုံလေလုံလေ့ကျင့်ရေးကွင်းမှာ တစ်ကိုယ်တော် လေ့ကျင့်ခန်း ဆင်းခဲ့ပါတယ်။
ဒါကြောင့် လာမယ့်အင်္ဂါနေ့၊ ဘော်စတွန်မြို့မှာ ကစားမယ့်ပွဲစဉ်အတွက် ညာတောင်ပံနေရာမှာ မာဒူကီပဲ ဆက်ပွဲထွက်လာဖို့ ရှိနေပါတယ်။