
ရီးရဲလ်မက်ဒရစ်ကို ပြန်လာဖွယ်ရှိကြောင်း ပြောကြားလိုက်တဲ့ ဘင်ဇီးမား
ဘင်ဇီးမားဟာ ရီးရဲလ်မက်ဒရစ်ရဲ့ သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး စာရင်းမှာ ဒုတိယနေရာမှာ ရှိနေပြီး ၁၄ နှစ်အတွင်း ၃၅၈ ဂိုး သွင်းယူကာ ရာအူးလ်နဲ့ အယ်လ်ဖရက်ဒို ဒီစတီဖာနိုတို့လို ဂန္ထဝင်ကစားသမားတွေကို ကျော်ဖြတ်ထားပါတယ်။ ဒါ့အပြင် ၂၀၀၉ ကနေ ၂၀၂၃ အထိ ပွဲပေါင်း ၆၄၈ ပွဲ ကစားခဲ့တာကြောင့် အသင်းရဲ့ သမိုင်းတစ်လျှောက် ပွဲအများဆုံး ကစားသူစာရင်းရဲ့ ပဉ္စမနေရာမှာ ရှိနေပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ အရင်က ကစားသမားဟောင်းတွေကို ကွင်းပြင်ပ အခန်းကဏ္ဍအမျိုးမျိုးနဲ့ ပြန်လည်ကြိုဆိုခဲ့ဖူးပါတယ်။ ၁၉၈၀ ခုနှစ်တွေက ကြယ်ပွင့်တွေဖြစ်တဲ့ ဂျော်ဂျီ ဗယ်လ်ဒါနိုနဲ့ အီမီလီယို ဘူထရာဂွေးနိုတို့ဟာ ထင်ရှားတဲ့ အမှုဆောင်ရာထူးတွေ ရယူခဲ့သူတွေအဖြစ် ပါဝင်ပါတယ်။ ရာအူးလ်ကတော့ ၂၀၁၉ ကတည်းက ရီးရဲလ်မက်ဒရစ် ကက်စတီလာကို တာဝန်ယူနေပြီး အယ်လ်ဗာရို အာဘီလိုအာက လက်ရှိ လူငယ်အသင်းရဲ့ နည်းပြအဖြစ် လုပ်ကိုင်နေပါတယ်။ ဆန်တီယာဂို ဆိုလာရီက အသင်းရဲ့အဆင့်အမျိုးမျိုးကနေ ပထမအသင်းအထိ တာဝန်ယူခဲ့ဖူးသလို၊ ဇီဒန်းကလည်း နည်းပြချုပ်အဖြစ် နှစ်ကြိမ်တိုင်တိုင် တာဝန်ယူခင် အကြံပေးအဖြစ် ထမ်းဆောင်ခဲ့တာကြောင့် နာမည်ကြီးပါတယ်။ ဘင်ဇီးမားက Mega နှင့် အင်တာဗျူးမှာ နည်းပြဘက်သို့ သေချာပေါက် လျှောက်ချင်သလားဆိုတာ မသိသေးဘူးလို့ ဝန်ခံခဲ့ပြီး ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ်နဲ့ နီးနီးကပ်ကပ် ရှိနေဖို့ပဲလို့ ပြောထားပါတယ်။
"မကြာသေးခင်က မက်ဒရစ်မှာ ဖလော်ရန်တီနိုနဲ့ တွေ့ခဲ့တယ်။ ၂၀၀၉ မှာ သူက ကျွန်တော့်ကို ခေါ်ယူခဲ့တဲ့အချိန် ကျွန်တော် ကျွန်တော့်အဖေကို ပြောခဲ့တာက သူ ရီးရဲလ်မက်ဒရစ်မှာ ရှိနေသမျှ ကျွန်တော်လည်း အဲဒီမှာ ရှိနေမယ်" "ကျွန်တော် ထွက်ခွာဖို့ ဆုံးဖြတ်လိုက်တဲ့အခါ သူက ပထမဆုံး ကျွန်တော် ဖုန်းဆက်ခဲ့တဲ့သူပါ။ သူက သိပ်နားမလည်ခဲ့ဘူး ကျွန်တော်က လူငယ်တွေဖြစ်တဲ့ ဗီနီဆီးယက်စ်နဲ့ ရိုဒရီဂိုတို့ အသင့်ဖြစ်နေပြီလို့ ပြောခဲ့ပါတယ်။ ကျွန်တော် အနားယူတဲ့အခါ ဘောလုံးနဲ့ နီးနီးကပ်ကပ် ရှိနေချင်ပါတယ်။ နည်းပြလား။ မသိသေးပါဘူး ကစားသမားဘဝထက် ပိုရှုပ်ထွေးမယ်လို့ ထင်ရပါတယ်။ကျွန်တော် ဖလော်ရန်တီနိုနဲ့ နီးနီးကပ်ကပ် ရှိနေချင်ပါတယ်" လို့ ပြင်သစ်သားက ရှင်းပြခဲ့ပါတယ်။ အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ ဘင်ဇီးမားဟာ လက်ရှိတွင် ဆော်ဒီပရိုလိဂ်ရဲ့ အင်အားကြီးအသင်း အယ်လ် အစ်တီဟတ်မှာ ဒုတိယရာသီကို ဖြတ်သန်းနေပါတယ်။
"ဒီမှာ ကျွန်တော် အဆင်ပြေပါတယ်။ ကျွန်တော့်ဘဝက မက်ဒရစ်မှာလိုပါပဲ။ မနက်အိပ်ရာထ၊ အိမ်မှာ အားကစားခန်းမထဲ လေ့ကျင့်ပြီး ညနေဆို အသင်းနဲ့ လေ့ကျင့်ပါတယ်။ ညဘက်ဆို တစ်ခါတလေ ညစာစားဖို့ ထွက်သွားတာမှမဟုတ် ကမ်းခြေကို သွားပါတယ်။ ဒီမှာလည်း လမ်းမပေါ် လျှောက်လို့မရပါဘူး လူတွေက ဘောလုံးအတွက် အရူးအမူး ဖြစ်နေကြတာပါ" လို့ ပြောပါတယ်။