ဘောလုံးကိုသာ အဓိကအာရုံစိုက်ပါက ဗင်နီစီးယက်စ်တစ်ယောက် ဘောလွန်းဒီအော်ဆု ရနိုင်တယ်လို့ပြောကြားလိုက်တဲ့ ဘန်ဇီမာ
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဟောင်း ကာရင်မ်ဘန်ဇီမာက လက်ရှိအသင်းရဲ့တောင်ပံကြယ်ပွင့်ကစားသမား ဗင်နီစီးယက်စ်ဂျူနီယာဟာ ဘောလုံးအပေါ်မှာသာ အပြည့်အဝအာရုံစိုက်ပါက တစ်ချိန်မှာ ဘောလွန်းဒီအော်ဆုကို ဆွတ်ခူးနိုင်ကြောင်း အကြံပေးပြောကြားလာခဲ့ပါတယ်။
ဘန်ဇီမာဟာ ရီးရဲလ်မက်ဒရစ်မှာနေထိုင်ခဲ့တဲ့ နောက်ဆုံး ၂ ရာသီအတွင်း ဗင်နီစီးယက်စ်နဲ့ အတွဲအဖက်ညီညီကစားခဲ့ပြီး အောင်မြင်မှုတွေလည်းရရှိခဲ့သူဖြစ်ပါတယ်။ သို့သော်လည်း တစ်ချိန်က ဘန်ဇီမာဟာ ပွဲစဉ်တစ်ပွဲအတွင်း ဗင်နီစီးယက်စ်ကို ဘောလုံးမပေးဖို့ အသင်းဖော်ဖာလန်းမန်ဒီကိုပြောကြားခဲ့ဖူးတာကြောင့် သူတို့နှစ်ဦးအကြား ဆက်ဆံရေးဟာ မေးခွန်းထုတ်ခံခဲ့ရပါသေးတယ်။
ဆန်တီယာဂိုဘာနေဗျူးမှ ဘန်ဇီမာထွက်ခွာသွားချိန်မှာတော့ ဗင်နီစီးယက်စ်ဟာ ရီးရဲလ်မက်ဒရစ်ရဲ့တိုက်စစ်ကိုဦးဆောင်ခဲ့ရပြီး အသင်းဖော်တိုက်စစ်မှူး ခီလီယန်အမ်ဘာပေရောက်ရှိလာချိန်မှာတော့ ယခင်ကခြေစွမ်းမျိုးပြန်လည်ရရှိဖို့ ရုန်းကန်နေရပါတယ်။ ယခုအခါမှာတော့ ဘန်ဇီမာက ဗင်နီစီးယက်စ်ကိုချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့သလို၊ ဘောလုံးပရိသတ်တွေအနေနဲ့လည်း ဘရာဇီးသားအပေါ်မှာ လိုတာထက်ပိုပြီး အမြင်စောင်းနေတယ်လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။
ပြင်သစ်လက်ရွေးစင်ဟောင်းက "ဗင်နီစီးယက်စ်က နှလုံးသားကြီးတဲ့ လူကောင်းလေးတစ်ယောက်ပါ။ သင်ယူချင်စိတ်လည်းရှိပါတယ်။ သူ့ပုံစံက ထူးခြားပေမယ့် လူတွေကတော့ ဒါကိုလက်မခံကြဘဲ ဖိအားတွေပေးကြပါတယ်။ ဖိအားဒဏ်ကိုမခံနိုင်တဲ့ ကစားသမားတွေရှိပါတယ်။ ဗင်နီက ငယ်ရွယ်တဲ့သာမန်ကောင်လေးတစ်ယောက်ပါ။ ဒါပေမယ့် သူ ရီးရဲလ်မက်ဒရစ်အတွက်ပွဲတွေအများကြီးကစားပေးခဲ့ပါပြီ။ ဒါကို မေ့ထားလို့မရပါဘူး။ အခုချိန်မှာ သူ့ရဲ့ခြေစွမ်းကမကောင်းဘူးလို့ပြောလို့မရပါဘူး။ ဒါပေမယ့် ဒီထက်ပိုကောင်းအောင်လုပ်နိုင်သေးတယ်ဆိုတာတော့အမှန်ပါပဲ"
"ကွင်းထဲကနေထွက်ခွာရချိန်မှာ သူဒေါသထွက်ပါတယ်။ ဒါကသာမန်ပါပဲ။ သူမလုပ်သင့်ဘူးဆိုတာတော့ မှန်ပေမယ့် ဒါက သူ့ပုံစံပဲဆိုတာ လူတွေသိသင့်ပါတယ်။ သူက ကွင်းတွင်း ကွင်းပြင် မလိုလားအပ်တဲ့ အမူအရာတွေလုပ်ပေမယ့် ဘောလုံးကစားချိန်မှာတော့ အကောင်းဆုံကစားနေတာပါ။ လူစားလဲခံရချိန်မှာ မကျေနပ်တဲ့အမူအရာလုပ်တာကတော့ ခွင့်လွှတ်လို့ရပါတယ်။ အကောင်းဆုံးကစားနေတဲ့အချိန်မှာ လူစားလဲခံရတာမျိုး ဘယ်ကစားသမားမှကြိုက်မှာမဟုတ်ပါဘူ။ ဒါကသာမန်ပါပဲ။ နားလည်ပေးလို့ရပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဘန်ဇီမာက "သူတစ်ချိန်မှာ ဘောလွန်းဒီအော်ဆုကိုရနိုင်ပါတယ်။ ဒါက ခက်ခဲပေမယ့် သူလုပ်နိုင်ပါတယ်။ ဘောလုံးကွင်းထဲမှာ ကျန်တာတွေအားလုံးကိုမေ့ထားပြီး ဘောလုံးကိုပဲအာရုံစိုက်ကစားနိုင်တဲ့နေ့မှာ သူ ဘောလွန်းဒီအော်ဆိုကို မျှော်လင့်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် ဒီဆုကိုရဖို့အတွက်သူ ရီးရဲလ်မက်ဒရစ်မှာဆက်နေဖို့လိုပါတယ်။ ဘောလွန်းဒီအော်ဆုကိုဆွတ်ခူးဖို့ အကောင်းဆုံးအခွင့်အရေးရှိတဲ့နေရာက ရီးရဲလ်မက်ဒရစ်ပါပဲ" လို့ပြောကြားခဲ့ပါတယ်။