The network connection is lost.

Banner Image

ချန်ပီယံဘိုင်ယန်မြူးနစ်ရဲ့ မူလာအတွက်နှုတ်ဆက်ပွဲမှာ ဆုဖလားအရသာ ပထမဆုံးအကြိမ်ခံစားခဲ့တဲ့ ဟယ်ရီကိန်း

မိုချန်ဂလာဘတ်ကို နှစ်ဂိုးပြတ်အနိုင်ယူခဲ့တဲ့ ဘိုင်ယန်မြူးနစ်ရဲ့ဘွန်ဒက်စ်လီဂါပွဲစဉ်မှာ ဟယ်ရီကိန်းက အဖွင့်ဂိုးကို သွင်းယူပေးပြီး ကစားသမားဘဝပထမဆုံးအကြိမ်မေဂျာဆုဖလားတစ်လုံးကို ကိုင်မြှောက်ခဲ့သလို ဝါရင့်တိုက်စစ်မှူးသောမတ်စ်မူလာလည်း ကလပ်အသင်းအတွက် သူ့ရဲ့နောက်ဆုံးအိမ်ကွင်းပွဲစဉ်အဖြစ် ပါဝင်ကစားခဲ့ပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ လေဗာကူဆင်နဲ့ ဖရိုင်းဘတ်တို့ တစ်ဖက်နှစ်ဂိုးစီသရေကျပြီးနောက် ဘိုင်ယန်မြူးနစ်က အခုရာသီ၊ ဂျာမန်ချန်ပီယံအဖြစ် တရားဝင်ရပ်တည်လာနိုင်ပေမယ့် ဘွန်ဒက်စ်လီဂါချန်ပီယံဒိုင်းဆုကိုတော့ အိမ်ကွင်းပရိသတ်ရှေ့မှောက် မိုချန်ဂလာဘတ်ကို အနိုင်ယူပြီးမှသာ ကိုင်မြှောက်သွားခဲ့ပါတယ်။ အသင်းဖော်တွေနဲ့အတူ ဘီယာတွေလောင်းပက်ကာ အောင်ပွဲခံပြီးနောက် ရွှဲရွှဲစိုနေတဲ့ ဟယ်ရီကိန်းက ချန်ပီယံဆုရရှိခြင်းအတွက် မယုံကြည်နိုင်စရာခံစားချက်တစ်ခု ဖြစ်လာပြီး နောက်ထပ်အောင်ပွဲတွေရရှိဖို့ မျှော်လင့်မိပါတယ်လို့ ပြောခဲ့ပါတယ်။

အင်္ဂလန်ကပ္ပတိန်က “ ပရိသတ်တွေနဲ့အတူ၊ အသင်းနဲ့အတူ အခုလိုအောင်ပွဲခံနိုင်ဖို့ ဒီကာလတွေအတွင်း အနစ်နာခံမှုတွေနဲ့အတူ အပြင်းအထန်ကြိုးစားအားထုတ်ခဲ့ပါတယ်။ မိနစ်တိုင်းကိုလည်း ကျွန်တော် မြတ်နိုးမိပါတယ်”လို့ ဆိုပါတယ်။ ဟယ်ရီကိန်းက အခုပွဲစဉ်ရဲ့ပွဲချိန် ၃၁ မိနစ်မှာ အိုလီစီရဲ့ဖြတ်တင်ဘောမှတဆင့် သူ့ရဲ့အခုရာသီ၊ လိဂ် ၂၅ ဂိုးမြောက်ကို ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဘိုင်ယန်မြူးနစ်ရဲ့ကစားပုံ ကျဆင်းသွားပြီး မိုချန်ဂလာဘတ်အတွက် ချေပဂိုးရရှိစေမယ့် အခွင့်အရေးများစွာကို ခွင့်ပြုပေးခဲ့ရပေမယ့် ပြိုင်ဘက်ရဲ့အဆုံးသတ်ညံ့ဖျင်းမှုကြောင့် သက်သာရာရခဲ့ပါတယ်။ ပွဲချိန်နှောင်းပိုင်းမှာတော့ အိုလီစီက ဘာဗေးရီးယန်းသားတွေအတွက် အနိုင်သေချာစေမယ့်ဂိုးကို သွင်းယူသွားခဲ့ပါတယ်။

အခုပွဲစဉ်ကို ဘိုင်ယန်မြူးနစ်နဲ့အတူ ၂၅ နှစ်ကြာဖြတ်သန်းပြီး ရာသီကုန်ဆုံးချိန် အသင်းမှထွက်ခွာတော့မယ့် မူလာလည်း ကလပ်အသင်းအတွက် ပြိုင်ပွဲစုံပွဲ ၇၅၀ ပြည့်အဖြစ် ပါဝင်ကစားခဲ့ပါတယ်။ အသက်-၃၅ နှစ်အရွယ်ကစားသမားက ပွဲချိန်နှောင်းပိုင်းမှာ ကွင်းတွင်းမှ လူစားလဲထွက်ခွာခဲ့ပြီး ကွင်းလုံးပြည့်ဂုဏ်ပြုနှုတ်ဆက်မှုကို ခံယူခဲ့ပါတယ်။ မူလာက ဘိုင်ယန်မြူးနစ်နဲ့အတူ ဘွန်ဒက်စ်လီဂါချန်ပီယံဆု ၁၃ ကြိမ်၊ ချန်ပီယံလိဂ်ဖလား နှစ်ကြိမ် ဆွတ်ခူးရရှိခဲ့ပါတယ်။

Sky Germany နဲ့တွေ့ဆုံချိန် မူလာက “ အခုလောလောဆယ် ကျွန်တော့်ရဲ့စိတ်ထဲမှာ ဘာကိုမှတွေးလို့ မရသေးပါဘူး။ ဒါပေမယ့် ကျွန်တော့်အတွက် ကွင်းတွင်းမှာရှိနေတဲ့ ပရိသတ် ၇၅,၀၀၀ ကျော်ရဲ့ရင်ခုန်သံကို ကျွန်တော်ကိုယ်တိုင်လည်း ခံစားမိခဲ့ပါတယ်”လို့ ပြောပါတယ်။
ဟယ်ရီကိန်းကလည်း မူလာနဲ့တွဲဖက်ကစားရလို့ ဂုဏ်ယူနေပြီး ဝါရင့်တိုက်စစ်မှူးကို ဘိုင်ယန်မြူးနစ်နဲ့အတူ ဘောလုံးလောကအတွက်ပါ ဂန္တဝင်တစ်ဦးဖြစ်တယ်လို့ ချီးမြှောက်ခဲ့ပါတယ်။
ဟယ်ရီကိန်းရဲ့ကာလရှည်လက်ရွေးစင်အသင်းဖော်လည်းဖြစ်၊ တော့တင်ဟမ်မှာလည်း အသင်းဖော်ဖြစ်ခဲ့ဖူးသူ အဲရစ်ဒိုင်ယာကတော့ ပွဲစမတင်ခင်မှာပဲ ထုတ်ပယ်ခံခဲ့ရပါတယ်။ သူက လာမယ့်နွေရာသီမှာ မိုနာကိုအသင်းဆီ ထွက်ခွာသွားပါလိမ့်မယ်။

မနေ့ညပိုင်းပွဲစဉ်တွေအပြီး လိုက်ပ်ဇစ်က ဝါဒါဘရီမင်နဲ့ ဂိုးမရှိသရေကျပြီးနောက် ထိပ်ဆုံးလေးသင်းဝင်ရောက်နိုင်ရေးမျှော်လင့်ချက်ပျက်ပြယ်သွားသလို ဟိုစတိန်းကီရယ်နဲ့ ဘိုချမ်တို့လည်း အိမ်ကွင်းရှုံးပွဲတွေ အသီးသီးကြုံတွေကာ ဘွန်ဒက်စ်လီဂါမှ တရားဝင်တန်းဆင်းသွားခဲ့ပါတယ်။