
သူ့အတွက်အကောင်းဆုံးက ဘယ်နေရာလဲဆိုတာ နောက်ဆုံးမှာ သိလာတဲ့ ကိုင်ဟားဗက်ဇ်
ပြီးခဲ့တဲ့နွေရာသီက အံ့ဩစရာဖြစ်ရပ်ကတော့ အာတီတာဟာ ချဲလ်ဆီးကနေ ဟားဗက်ဇ်ကို ပေါင် ၆၅ သန်းဖြင့် ခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။
အာတီတာရဲ့ ကနဦးအစီစဉ်က ဟားဗက်ဇ်ကို ကွင်းလယ်တိုက်စစ်နေရာမှာ ထားကစားဖို့ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ဇာခါကစားတဲ့နေရာကို ဖြည့်ဖို့ပဲဖြစ်ပါတယ်။ သူ့ရဲ့နေရာသစ်မှ ဟားဗက်ဇ်ရုန်းကန်ခဲ့ရပြီး ထိုနေရာမှာ ကစားဖို့အတွက် နည်းစနစ်ပိုင်းဆိုင်ရာမှာ လိုက်နာဖို့ လိုအပ်ခဲ့တာဖြစ်ပါတယ်။
ဂျီးဆပ်ရဲ့ဒဏ်ရာရရှိမှုနှင့် အန်ကီတီယာရဲ့ ပုံစံကောင်းပျောက်ဆုံးမှုတွေကြောင့် ဟားဗက်ဇ်ဟာ အထောင်တိုက်စစ်မှူးအဖြစ် ကစားခဲ့ရပြီး အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။ ရာသီကို အကောင်းဆုံး အဆုံးသတ်နိုင်ခဲ့ပြီးနောက် အာဆင်နယ်ဟာ နွေရာသီအတွက် ကနဦးအစီစဉ်ကို ပြောင်းလဲလိုက်ပြီး လက်ရှိနေရာကို ပြီးပြည့်စုံဖို့ လူငယ်တိုက်စစ်မှူးတစ်ဦးကို ရှာဖွေနေပြီဖြစ်ပါတယ်။ ဒီနေရာအတွက် လိုက်ပ်ဇစ်ရဲ့ ဆက်စ်ကိုက ဖြစ်နိုင်ဖွယ်ရှိနေသော်လည်း ဟားဗက်ဇ်ရဲ့နေရာကို ရယူဖို့ သူ့အနေနဲ့ အချိန်ယူရအုံးမှာဖြစ်ပါတယ်။
"လက်ရွေးစင်အသင်းက ကျွန်တော့်ရဲ့ နံပါတ် ၉ နေရာကို ရှင်းရှင်းကြီး မြင်နေရပါတယ်။ ဒီပုံစံအတိုင်း ကျွန်တော် အာဆင်နယ်မှာ ကစားနေတာပါ" "နံပါတ် ၉ စစ်စစ် တစ်ဦးလို့ ဆိုလိုတာမဟုတ်ပါဘူး။ ဟာလန်းတို့ ကိန်းတို့က ဂိုးသွင်းဖို့ ဂိုးဧရိယာထဲရှိနေမှာ မဟုတ်လို့ တွေးနေမှာပါ" "အဲ့ဒီမှာပဲ ဂိုးသွင်းဖို့စောင့်နေတဲ့ သူတွေက ခေတ်သစ်ဘောလုံးလောကမှာ ရပ်တည်နိုင်မှာမဟုတ်ပါဘူး" "ကျွန်တော်ဟာ ပြေးလွှားကစားချင်တဲ့ သူတစ်ယောက်ပါ။ ကျွန်တော့်ကို သွင်းဂိုးတွေနဲ့ တိုင်းတာမယ်ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်းသိပါတယ်" လို့ ဟားဗက်ဇ်က Welt am Sonntag သို့ ပြောပါတယ်။
တိုက်စစ်အတွက် ပြောင်းလဲဖို့ ဘာတွေကို လုပ်ခဲ့ရလဲလို့မေးရာ ဟားဗက်ဇ်က "အာဆင်နယ်က အမြဲတမ်း ကျွန်တော့်ကို အထင်ကြီးစေပါတယ်။ သူတို့မှာ ရှင်းလင်းတဲ့ အစီစဉ် ဆုဖလားတွေရရှိဖို့ ကြိုတင်ဆုံးဖြတ်ချက် တွေရှိနေတာကြောင့် အဲ့ဒီလိုကလပ်ကို ကျွန်တော်ပြောင်းချင်ပါတယ်။ ပြောင်းလဲမှုက တော်တော်များများပါတယ်" "ချဲလ်ဆီးပရိသတ်တွေက ဒေါသထွက်နေမယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်။ အစပိုင်းမှာ အဆင်မပြေသေးတဲ့အတွက် အာဆင်နယ်ပရိသတ်တွေလည်း အားမရလောက်ဘူးဆိုတာ သိပါတယ်" "ဒါပေမဲ့ နည်းပြ၊ အသင်းဖော်တွေနဲ့ အနီးကပ်ရှိနေသူတွေအားလုံးက ကူညီထောက်ပံ့ပေးတဲ့အခါမှာတော့ အားတက်လာရပါတယ်" လို့ ပြောပါတယ်။