
အာနိုးလ်အပေါ် ဝေဖန်ရှုံ့ချခဲ့တဲ့ လီဗာပူးပရိသတ်တွေကို ယာဂန်ကလော့ပ် ပြင်းပြင်းထန်ထန်ဝေဖန်
အသင်းမှထွက်ခွာဖို့ဆုံးဖြတ်ခဲ့တဲ့ အာနိုးလ်အပေါ် အန်ဖီးလ်ကွင်းမှာ ဝေဖန်ရှုံ့ချခဲ့တဲ့ လီဗာပူးပရိသတ်တွေကို ယာဂန်ကလော့ပ်က ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်။ အခုလအစောပိုင်းမှာပဲ အာနိုးလ်က သူ့ရဲ့စာချုပ်သက်တမ်းကုန်ဆုံးချိန်၊ အခုနွေရာသီမှာ အသင်းမှ ထွက်ခွာမယ်လို့ တရားဝင်ကြေညာခဲ့ပါတယ်။
အသက်-၆ နှစ်အရွယ်မှာပဲ လီဗာပူးအသင်းအကယ်ဒမီဆီ ရောက်ရှိလာပြီး ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလမှာ ယာဂန်ကလော့ပ်လက်အောက် စီနီယာအဆင့်ပွဲဦးထွက်ကစားနိုင်ခဲ့တဲ့ အင်္ဂလန်လက်ရွေးစင်က ရီးရဲလ်မက်ဒရစ်ဆီ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိသွားနိုင်ပါတယ်။ မေ ၁၁ ရက်၊ အိမ်ကွင်းမှာ အာဆင်နယ်ကို တစ်ဖက်နှစ်ဂိုးစီသရေကစားခဲ့တဲ့ပွဲစဉ်ရဲ့ ဒုတိယပိုင်းပွဲချိန်အတွင်း ကော်နာဘရက်ဒလေနေရာမှာ အာနိုးလ်လူစားလဲဝင်ရောက်လာချိန် အန်ဖီးလ်ကွင်းအတွင်းရှိ ပရိသတ်အချို့က ဝေဖန်ရှုံ့ချမှု ပြုလုပ်ခဲ့ပါတယ်။
လီဗာပူးပရိသတ်တွေရဲ့တုံ့ပြန်မှုနဲ့ပတ်သက်လို့ အာနိုးလ်အပေါ်ထားရှိတဲ့ သူတို့ရဲ့ထောက်ခံမှုတွေကို အန်းစလော့နဲ့ မိုဆာလက်တို့ကလည်း ထုတ်ဖော်ပြသခဲ့ပြီးပါပြီ။ယမန်နေ့(သောကြာနေ့)ညပိုင်း၊ LFC Foundation ရဲ့အခမ်းအနားတစ်ခုမှာလည်း ယာဂန်ကလော့ပ်က အာနိုးလ်အမည်ပါဝင်တဲ့ လီဗာပူးဂျာစီကိုကိုင်မြှောက်ရင်း သူ့ရဲ့ကစားသမားဟောင်းအတွက် စိတ်အားထက်သန်စွာ အကာအကွယ်ပေးပြောကြားခဲ့ပါတယ်။
ယာဂန်ကလော့ပ်က “ လူတွေကို ဘာတွေတွေးသင့်တယ်ဆိုတာ ကျွန်တော် ပြောမှာလည်း မဟုတ်သလို ပြောလည်းမပြောချင်ပါဘူး။ ဒါပေမယ့် လူတွေရဲ့အတွေး မှားယွင်းနေပြီဆိုရင်တော့ ကျွန်တော် ပြောကောင်းပြောနိုင်ပါတယ်။ ခင်ဗျားတို့တွေ စိတ်မပျက်သင့်ဘူး၊ ဒေါသမထွက်သင့်ဘူးလို့ ကျွန်တော် မပြောပါဘူး။ ကလပ်အသင်းအတွက် အာနိုးလ်လုပ်ပေးခဲ့တဲ့အရာတွေကို မမေ့လိုက်ပါနဲ့လို့ပဲ ကျွန်တော် ပြောနေပါမယ်။ လီဗာပူးအသင်းပွဲစဉ်အများကြီးကို ကျွန်တော် ကြည့်ရှုခဲ့ပါတယ်။ အာနိုးလ်ဝင်လာတဲ့အချိန်မှာပဲ boo ဆိုတဲ့ အသံကို ကျွန်တော် ကြားခဲ့ရလို့ ဟုတ်မှဟုတ်ပါ့မလားဆိုပြီး အသံချဲ့နားထောင်ဖြစ်ပါတယ်။ ဟုတ်ပါတယ်၊ သေချာပေါက် boo ဆိုပြီး အော်နေတာပါ။ အဲ့ဒီလိုသေချာသွားချိန် ကျွန်တော် တယ်လီဗေးရှင်းကို ချက်ချင်းပိတ်ပစ်ခဲ့ပါတယ်။
အရိုးသားဆုံးပြောရရင် ကျွန်တော် ဒီထက်ပိုပြီးတော့လည်း စိတ်မပျက်နိုင်တော့ပါဘူး။ ဒါက ကျွန်တော်တို့ပုံစံမျိုး မဟုတ်ပါဘူး။ ဒီကလပ်အသင်းမှာ ကျွန်တော် ရှိနေချိန်ကတည်းက ဒီကောင်လေးအာနိုးလ်က နေ့စဉ်နေ့တိုင်း ကလပ်အသင်းအတွက် အစွမ်းကုန်ပေးဆပ်ခဲ့ပါတယ်။
နှစ် ၂၀ ကြာပြီးနောက် အခုအချိန်မှာ ကလပ်အသင်းမှထွက်ခွာတော့မယ်လို့ သူဆုံးဖြတ်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ဒေါသထွက်သင့်တာ အသင်းပိုင်ရှင်တွေပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ မဟုတ်ပါဘူး။
ဘာကြောင့် စာချုပ်သစ်မှာ သူလက်မှတ်မထိုးတာလဲ၊ လီဗာပူးအသင်းအတွက် ပြောင်းရွှေ့ကြေးမရလို့ ဒေါပွနေကြတယ်လို့လည်း ကျွန်တော်ကြားပါတယ်။ ကစားသမားကိုယ်တိုင်ဒေါသထွက်နိုင်ပေမယ့် ကျွန်တော်တို့တော့ မဟုတ်ပါဘူး။ သူက လီဗာပူးအတွက် အစွမ်းကုန်ပေးဆပ်ခဲ့ပြီး လီဗာပူးအသင်းဂျာစီကိုလည်း ဝတ်ဆင်ထားပါတယ်”လို့ ဆိုပါတယ်။