The network connection is lost.

Banner Image

လာမယ့်ဇန်နဝါရီမှာ ယူနိုက်တက်မှထွက်ခွာဖို့ကြိုးစားသွားမယ့် ဇက်ခ်ဇီ

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ဂျိုရှူးဝါးဇက်ခ်ဇီဟာ နည်းပြရူဘင်အာမိုရင်ရဲ့လက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့်မရတဲ့အပြင် အရန်ကစားသမားအနေနဲ့ပါ အသုံးပြုခြင်းမခံရတာကြောင့် လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာတော့ အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာသွားဖို့ ပြင်ဆင်ထားတယ်လို့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

ဇက်ခ်ဇီဟာ ယခုနှစ်ရာသီပရီးမီးယားလိဂ်မှာ ယူနိုက်တက်အတွက် လူစားဝင်ကစားသမားအဖြစ် စုစု‌ပေါင်း ၃ ပွဲသာ ပါဝင်ကစားခွင့်ရထားပြီး ပွဲကစားချိန်မှာလည်း ၈၂ မိနစ်သာရှိသေးတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာတော့ နယ်သာလန်လက်‌ရွေးစင်ဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၂၁ ပွဲဆက်တိုက်ပါဝင်ကစားခွင့်ရခဲ့ပေမယ့် တံကောက်ကြောဒဏ်ရာရရှိသွားပြီးနောက်မှာ ပုံမှန်ပွဲထွက်ခွင့်အတွက် ပြန်လည်ရုန်းကန်ခဲ့ရပါတယ်။ 

နွေရာသီအတွင်း ယူနိုက်တက်က တိုက်စစ်ကစားသမား ၃ ဦးအထိ ထပ်မံအင်အားဖြည့်တင်းပြီးနောက်မှာတော့ ဇက်ခ်ဇီရဲ့အခန်းကဏ္ဍဟာ အတော်‌လေးလျော့ပါးသွားခဲ့တာဖြစ်ပါတယ်။ ကစားသမားအနေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နယ်သာလန်အတွက်ကိုယ်စားပြုလိုပါက ထိပ်တန်းခြေစွမ်းကိုပြသနိုင်ဖို့ယူနိုက်တက်မှ ထွက်ခွာသွားရနိုင်ပါတယ်။ 

ယခုအခါမှာ ဇက်ခ်ဇီဟာ အောက်တိုဘာလကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေကစားမယ့် နယ်သာလန်လက်ရွေးစင်အသင်းမှချန်လှပ်ခဲ့ရပြီး လာမယ့်ဇန်နဝါရီမှာတော့ အသင်းသစ်သို့ပြောင်းရွှေ့နိုင်ဖို့ မျှော်လင့်ထားတယ်လို့သိရပါတယ်။ အသက်-၂၄ နှစ်အရွယ်ကစားသမားကို စီးရီးအေထိပ်သီးကလပ်တွေဖြစ်တဲ့ ဂျူဗင်တပ်စ်နဲ့ နာပိုလီတို့က  စိတ်ဝင်စားခဲ့ကြပေမယ့် ယူနိုက်တက်က ကမ်းလှမ်းမှု ၂ ခုစလုံးကို ငြင်းပယ်ခဲ့ပါတယ်။ သို့သော်လည်း ဟွိုက်လန်းကတော့ နာပိုလီသို့ တစ်ရာသီအငှားစာချုပ်နဲ့ထွက်ခွာသွားနိုင်တာကြောင့် ဇက်ခ်ဇီအနေနဲ့လည်း ဇန်နဝါရီမှာတော့ အိုးလ်ထရက်ဖို့ဒ်နဲ့ လမ်းခွဲသွားဖွယ်ရှိနေပါတယ်။

တစ်ချိန်တည်းမှာပဲ The Sun သတင်းဌာနရဲ့ဖော်ပြချက်အရ ကိုမိုနည်းပြ ဖာဘရီဂတ်စ်ကလည်း ဇက်ခ်ဇီကို စိတ်ဝင်စားနေတယ်လို့သိရတာကြောင့် နယ်သာလန်သားကို အီတလီစီးရီးအေမှာ ပြန်လည်မြင်တွေ့သွားရဖို့ အခွင့်အရေးများနေပါတယ်။