The network connection is lost.

Banner Image

တော့တင်ဟမ်ကိုရှုံးနိမ့်ခဲ့ပေမယ့် ယူနိုက်တက်ရဲ့အရှုံးမပေးတဲ့စိတ်ဓာတ်ကို  ချီးကျူးလာတဲ့ ဇက်ခ်ဇီ

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ဂျိုရှူးဝါးဇက်ခ်ဇီက ကာရာဘောင်ဖလား ကွာတားဖိုင်နယ်အဆင့်မှာ တော့တင်ဟမ်ကို ၄-၃ နဲ့ရှုံးနိမ့်ခဲ့ပြီးနောက် ပွဲအပြီးမှာတော့ အသင်းဟာ ရှုံးပွဲကြုံတွေ့ခဲ့ပေမယ့် အပြုသဘောဆောင်တဲ့အရာတွေရှိခဲ့ကြောင်း ပြောကြားလာခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာယူနိုက်တက်ဟာ ပထမပိုင်းအတွင်း ဒိုမီနစ်ဆိုလန်ကီရဲ့သွင်းဂိုးနဲ့အတူ တော့တင်ဟမ်ရဲ့ဦးဆောင်ခြင်းကို ခံခဲ့ရပြီး နောက်ကနေလိုက်ကစားခဲ့ရပါတယ်။ အဆိုပါဂိုးဟာ ယခုပွဲစဉ်မှာ ပွဲထွက်ကစားခွင့်ရခဲ့တဲ့ ဂိုးသမား အယ်လ်တေးဘယင်ဒါရဲ့အမှားမှတစ်ဆင့် ခွင့်ပြုခဲ့ရတာဖြစ်ပြီး ဒုတိယပိုင်းအစမှာလည်း နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ရဲ့ အမှားမှတစ်ဆင့် ကူလူဆက်ဗ်စကီးရဲ့ ဒုတိယဦးဆောင်ဂိုး ထပ်မံခွင့်ပြုခဲ့ရပါတယ်။ 

ထို့နောက် ပွဲကစားချိန် ၅၄ မိနစ်မှာလည်း ဆိုလန်ကီရဲ့တစ်ကိုယ်တော်အစွမ်းနဲ့သွင်းယူခဲ့တဲ့ သွင်းဂိုးကြောင့် ယူနိုက်တက်ဟာ ၃-၀ နဲ့ရှုံးနိမ့်နေခဲ့တာဖြစ်ပါတယ်။ ၃-၀ ဆိုတဲ့အခြေအနေအရောက်မှာတော့ နည်းပြရူဘင်အာမိုရင်က လူစားလဲမှု ၃ ခုကို တိုက်ရိုက်ပြုလုပ်ခဲ့ပြီး အာမက်ဒီယာလို၊ ဇက်ခ်ဇီနဲ့ ကိုဘီမိုင်နူးတို့ကို ထည့်သွင်းခဲ့တာကြောင့် အသင်းရဲ့ကစားပုံဟာ သိသိသာသာပဲတိုးတက်ကောင်းမွန်လာခဲ့ပါတယ်။ 

ပွဲကစားချိန် ၆၃ မိနစ်မှာတော့ ယူနိုက်တက်တို့ ချေပဂိုးစတင်ရရှိခဲ့ပြီး တော့တင်ဟမ်ဂိုးသမား ဖော်စတာရဲ့အမှားမှတစ်ဆင့် ရရှိလာတဲ့အခွင့်အရေးကို ဇက်ခ်ဇီက နေရာယူမှန်မှန်နဲ့ အသုံးချနိုင်ခဲ့ပါတယ်။ ထို့နောက် ၇ မိနစ်အကြာမှာပဲ ဒုတိယချေပဂိုးထပ်မံရရှိခဲ့ပြီး ခြေစွမ်းပြနေတဲ့ အာမက်က ဖော်စတာရဲ့အမှားကနေပဲ ထပ်မံသွင်းယူခဲ့တာဖြစ်ပါတယ်။ 

၃-၂ ဆိုတဲ့ရလဒ်ကိုပုံဖော်နိုင်ပြီးနောက်မှာတော့ ယူနိုက်တက်အနေနဲ့ သရေရလဒ်ကို ဆက်လက်ပုံဖော်ဖို့ကြိုးပမ်းခဲ့ပေမယ့် တော့တင်ဟမ်တောင်ပံကစားသမား ဆွန်ဟောင်မင်ရဲ့ ထောင့်ကန်ဘောကန်ချက်ကို ဂိုးသမား အယ်လ်တေးဘယင်ဒါတစ်ယောက် ကာကွယ်နိုင်ခဲ့ခြင်းမရှိလို့ ၄-၂ နဲ့ ၂ ဂိုးပြတ်ဦးဆောင်ခြင်းကို ထပ်မံကြုံတွေ့ခဲ့ရပါတယ်။ 

ပွဲပြီးကာနီးအချိန်ပိုမိနစ်မှာ ဝါရင့်နောက်ခံလူ ဂျွန်နီအီဗန်စ်ရဲ့ခေါင်းတိုက်ချက်နဲ့ ယူနိုက်တက်တို့ ၄-၃ ဆိုတဲ့ရလဒ်အထိ ရရှိခဲ့သေးပေမယ့် သရေကျဖို့တော့ စွမ်းဆောင်နိုင်ခဲ့ခြင်းမရှိတော့လို့ အရှုံးရလဒ်နဲ့ပဲ ပြိုင်ပွဲကို လက်ပြနှုတ်ဆက်ခဲ့ရတာဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ ပထမဆုံးချေပဂိုးကိုသွင်းယူပေးခဲ့တဲ့ ဇက်ခ်ဇီက “စိတ်ပျက်စရာကောင်းတဲ့ရလဒ်ပါပဲ။ အရှုံးဆိုတာ ဘယ်တော့မှပျော်စရာမကောင်းပါဘူး။ အထူးသဖြင့် အခုလို ဗိုလ်စွဲနိုင်ချေရှိတဲ့ ဖလားပြိုင်ပွဲမှာဆိုရင် ပိုပြီးတော့ စိတ်ပျက်ရပါတယ်။ စိတ်ပျက်စရာကောင်းပေမယ့် ဒီနေ့ပွဲမှာ အသင်းရဲ့စိတ်ဓာတ်ကြံ့ခိုင်မှုကို ပြသနိုင်ခဲ့တယ်လို့ထင်ပါတယ်”

“အရှုံးမပေးဘဲ တိုက်ပွဲဝင်ခဲ့ကြပြီး ဒီအတွက် ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ ဂုဏ်ယူသင့်ပါတယ်။ ကျွန်တော်တို့က ဘယ်အခြေအနေမှာမှ ရပ်တန့်ခြင်းမရှိပါဘူး။ အာမက်ရဲ့ဂိုးကလည်း ကျွန်တော်တို့အတွက် ကြီးမားတဲ့ တွန်းအားတစ်ခုဖြစ်ခဲ့ပါတယ်။ နောက်ထပ်ဂိုးတွေအချိန်မီသွင်းနိုင်ဖို့ကြိုးစားခဲ့ပေမယ့် ဝမ်းနည်းစရာကောင်းစွာပဲ နောက်ထပ်တစ်ဂိုး ပေးလိုက်ရပါတယ်။ လာမယ့်တနင်္ဂနွေနေ့မှာတော့ ပရိသတ်တွေအတွက် နိုင်ပွဲဖော်ဆောင်ပြီး ၃ မှတ်အပြည့်ရအောင်ယူသွားပါမယ်” လို့ပြောကြားခဲ့ပါတယ်။ 

လာမယ့်တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘုန်းမောက်ကို အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ ဧည့်ခံကစားသွားရပါမယ်။