The network connection is lost.

Banner Image

ဘရာဇီးကလပ် ဖလာမင်ဂိုနဲ့ ၃ နှစ်စာချုပ် ချုပ်ဆိုလိုက်တဲ့ ဂျော်ဂျင်ဟို

အာဆင်နယ်ကွင်းလယ်လူ ဂျော်ဂျင်ဟိုဟာ ဘရာဇီးကလပ် ဖလာမင်ဂိုနဲ့ ၃ နှစ်သက်တမ်းရှိ အကြိုစာချုပ်တစ်ရပ်ကို ချုပ်ဆိုထားတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပြီး လာမယ့်နွေရာသီမှာ အပြီးသတ်ပြောင်းရွှေ့သွားမယ်လို့သိရပါတယ်။ 

အီတလီလက်ရွေးစင်ကစားသမားဟာ ရာသီကုန်မှာ အာဆင်နယ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်လို့ အသင်းသစ်ကို ကြိုတင်ရှာဖွေထားတာဖြစ်ပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားမှာဖြစ်ပါတယ်။ ဂျော်ဂျင်ဟိုဟာ ၃ နှစ်စာချုပ် ချုပ်ဆိုခဲ့တာကြောင့် ၂၀၂၈ ခုနှစ်အထိ တောင်အမေရိကမြေမှာ ကစားသမားဘဝ ရှေ့ဆက်သွားမှာဖြစ်ပါတယ်။ 

အသက်-၃၃ နှစ်အရွယ်ကစားသမားဟာ အာဆင်နယ်သို့ ၁ နှစ်ခွဲစာချုပ်နဲ့ စတင်ရောက်ရှိလာခဲ့ပြီး ပြီးခဲ့တဲ့နွေရာသီမှာ နောက်ထပ်တစ်နှစ် စာချုပ်သက်တမ်းတိုးမြှင့်ခဲ့ပါတယ်။ ဂျော်ဂျင်ဟိုဟာ အာတီတာရဲ့အသင်းအတွက် စုစုပေါင်း ၇၈ ပွဲအထိပါဝင်ကစားပေးခဲ့ပေမယ့် ဒီရာသီမှာတော့ ပရီးမီးယားလိဂ် ၉ ပွဲသာ ပွဲထွက်ပါဝင်ခွင့်ရခဲ့ပါတယ်။ 

မကြာသေးမီက ဒဏ်ရာပြဿနာနဲ့ကြုံတွေ့ထားရပေမယ့် ဂျော်ဂျင်ဟိုဟာ ပြီးခဲ့တဲ့ ဧပြီလက ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်မှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။ ၂၀၂၀ ယူရိုဖလားကို အီတလီနဲ့အတူ ဆွတ်ခူးခဲ့တဲ့ ကွင်းလယ်လူဟာ အာဆင်နယ်နဲ့တော့ ဆုဖလားအောင်မြင်မှု မရရှိခဲ့ပါဘူး။ 

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သွားမယ့် ဖလာမင်ဂိုဟာ ချဲလ်ဆီးနဲ့ တစ်အုပ်စုတည်းကျရောက်နေတာကြောင့် ဂျော်ဂျင်ဟိုတစ်ယောက် အသင်းဟောင်းနဲ့ ပြန်လည်ရင်ဆိုင်သွားရဖို့ရှိပါတယ်။