The network connection is lost.

Banner Image

မက်ဆီနဲ့ပတ်သက်ပြီး သူ့အမြင်ကို ထုတ်ဖော်ပြောကြားလိုက်တဲ့ မာရှေးယာနို

အင်တာမိုင်ယာမီနည်းပြသစ် မာရှေးယာနိုက အသင်းဖော်ဟောင်း မက်ဆီနဲ့ပတ်သက်ပြီး သူ့အမြင်ကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ မာရှေးယာနိုဟာ အင်တာမိုင်ယာမီနည်းပြဟောင်း မာတီနိုနေရာမှာ အစားဝင်လာခဲ့တာဖြစ်ပြီး ၃ နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

အာဂျင်တီးတိုင်းသားအတွက် အခုခန့်အပ်မှုက ပထမဆုံးစီနီယာနည်းပြဘဝဖြစ်လာခဲ့ကာ ယခင်တုန်းက အာဂျင်တီးနားယူ - ၂၀ နဲ့ ၂၃ အသင်းတွေကိုသာ ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။ အင်တာမိုင်ယာမီမှာ မာရှေးယာနိုအနေနဲ့ ဘာစီလိုနာအသင်းဖော်ဟောင်း မက်ဆီ ၊ ဘက်စ်ကွက် ၊ အယ်လ်ဘာ ၊ ဆွာရက်ဇ်တို့နဲ့ပေါင်းဆုံကြမှာဖြစ်ပါတယ်။

နည်းပြဘဝအတွေ့အကြုံမရှိပေမယ့် ကစားသမားဘဝမှာတော့ မာရှေးယာနိုဟာ ဝက်စ်ဟမ်း ၊ လီဗာပူး ၊ ဘာစီလိုနာ ၊ အာဂျင်တီးနားတို့နဲ့အတူ အောင်မြင်မှုတွေရယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် မာရှေးယာနိုဟာ ဆယ်စုနှစ်တစ်ခုကြာ မက်ဆီ နဲ့ ဘာစီလိုနာမှာ  ကစားခဲ့တာဖြစ်ပြီး ကောင်းမွန်တဲ့ဆက်ဆံရေးအခြေအနေရှိခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် လီယိုနဲ့စကားပြောဖြစ်ပါတယ်။ သူ့အမြင်ကို သိရဖို့ပါ။ သူနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိတာက ကျွန်တော့်အတွက် ကံကောင်းပါတယ်။ အဲ့တာက ကျွန်တော့်အတွက် အဆင်ပြေစေပါတယ်။ သူနဲ့အတွင်းကျကျစကားပြောဖြစ်သလို သူတွေးနေတာတွေကိုလည်း သိခဲ့ရပါတယ်။ သူက အများကြီးဝင်ပါလေ့မရှိတဲ့သူမျိုးပါ။။ ယေဘုယျအားဖြင့် ကျွန်တော်တို့ သူ့ရဲ့လွှမ်းမိုးမှု နဲ့ အရေးပါမှုကို သိထားပါတယ်။

ပြီးတော့ ကစားသမားဘဝတစ်လျှောက်လုံးမှာလည်း သူက အောင်မြင်မှုတွေရယူနိုင်ခဲ့တဲ့သူပါ။ သူနဲ့ဒီမှာဆုံရတာ ကျွန်တော်အရမ်းပျော်သလို လေ့ကျင့်ခန်းလည်းအတူတူဆင်းချင်နေပါပြီ။ အသင်းဖော်ကနေ နည်းပြအဖြစ်အများကြီးပြောင်းလဲမှုမရှိဘူးဆိုတာ ကျွန်တော်တို့ သတိရဖို့လိုအပ်ပါတယ်။ ကျွန်တော် ဘာစီလိုနာကနေထွက်ခွာချိန်မှာ အများကြီးပြောင်းလဲခဲ့ပါတယ်။ ကျွန်တော်တို့ လူသားတစ်ယောက်အနေနဲ့ ကြီးပြင်းလာပါတယ်။ မတူညီတာတွေကို သိလာပါတယ်။

သာမန်အတိုင်းလုပ်ဆောင်နေရင် ဘဝက လွယ်ကူနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ အခြေအနေတွေကို တွန်းအားမပေးဖို့ လိုအပ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး အဲ့လိုမျိုးကနေ အကျိုးပြုနိုင်ဖို့ လိုအပ်ပါတယ်”လို့ မာရှေးယာနိုက ပြောကြားခဲ့ပါတယ်။

အင်တာမိုင်ယာမီအသင်းဒုဥက္ကဌ မက်စ်ကတော့ မာရှေးယာနိုကို ၂၀၁၉ တုန်းက ခေါ်ယူဖို့ လုပ်ဆောင်ခဲ့သေးတာဖြစ်ပါတယ်။ မာရှေးယာနိုအနေနဲ့ လာမယ့်မေဂျာလိဂ်ရာသီသစ်မစခင် ၃ လအချိန်ရှိနေပြီး အသင်းအကြောင်း လေ့လာနိုင်တာဖြစ်ပါတယ်။