မေဂျာလိဂ်ပွဲစဉ်နှစ်ခုကို လွဲချော်မယ့် မက်ဆီ
ကိုပါအမေရိကဖလားဖိုင်နယ်မှာ ရရှိခဲ့တဲ့ဒဏ်ရာကြောင့် အင်တာမီယာမီအတွက် ပွဲစဉ်နှစ်ခုကို မက်ဆီ လွဲချော်သွားပါလိမ့်မယ်။ ဘော်လွန်းဒီအော်ရှစ်ကြိမ်ဆုရှင်က ၂၀၂၄ ကိုပါအမေရိကဖလားဗိုလ်လုပွဲမှာ အာဂျင်တီးနားအတွက် ကိုယ်စားပြုကစားပေးရင်း ပြင်းထန်တဲ့ဒဏ်ရာထိုးနှက်ချက်နဲ့ ကြုံတွေ့ခဲ့ရတာပါ။
ဖလော်ရီဒါပြည်နယ်ဆီ ပြန်လာချိန်မှာလည်း မက်ဆီရဲ့ခြေကျင်းဝတ်က အဆမတန်ယောင်ရမ်းနေခဲ့ပါတယ်။ မက်ဆီက အာဂျင်တီးနားအတွက် ကိုပါအမေရိကချန်ပီယံဆုဖလားကို ကိုင်မြှောက်ပေးနိုင်ခဲ့ပေမယ့် ထွက်ပေါ်လာတဲ့ ဒဏ်ရာမှတ်တမ်းပုံရိပ်တွေအရ အင်တာမီယာမီအသင်းရဲ့စိုးရိမ်မှုတွေ တိုးပွားသွားစေနိုင်ပါတယ်။
ဘာစီလိုနာကြယ်ပွင့်ဟောင်းက မကြာမီ အသင်းအတွက် ပြန်လာမယ်လို့ ကြွေးကြော်ခဲ့ပေမယ့် ရက်အတိအကျတော့ ထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။ ဒါပေမယ့် သူက အင်တာမီယာမီရဲ့ ဇူလိုင် ၁၈ ရက်ပွဲစဉ်နဲ့ ဇူလိုင် ၂၁ ရက်ပွဲစဉ်တို့ကို သေချာပေါက်လွဲချော်သွားပါလိမ့်မယ်။ ဒါ့အပြင် ဇူလိုင် ၂၅ ရက်မှာလည်း အမေရိကန်မေဂျာလိဂ် All Star အသင်းနဲ့ လီဂါမက္ကဆီကို All Star အသင်းတို့ ယှဉ်ပြိုင်မယ့်ပွဲစဉ် ရှိနေပြန်ပါတယ်။
အင်တာမီယာမီနည်းပြမာတီနိုက “မက်ဆီရဲ့ခြေကျင်းဝတ် လည်သွားပြီး လတ်တလောမှာ ဒဏ်ရာ ရနေပါတယ်။ ဒါကြောင့် စစ်ဆေးစမ်းသပ်မှုတွေပြုလုပ်ပြီး ဘယ်လိုရလဒ်ထွက်ပေါ်လာမလဲ စောင့်ဆိုင်းရပါမယ်။ သူ့ရဲ့ဒဏ်ရာနဲ့ပတ်သက်လို့ အခြားဓါတ်ပုံတွေလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒဏ်ရာအတိမ်အနက်သိရဖို့ စစ်ဆေးစမ်းသပ်မှုတွေ လုပ်ဆောင်သွားရပါလိမ့်မယ်။ ကျွန်တော်တို့အသင်းရဲ့ ကြံ့ခိုင်ရေးမှူးဆီမှ မက်ဆီရဲ့ဒဏ်ရာနဲ့ပတ်သက်လို့ သတင်းတွေ အချိန်တိုင်း ရရှိခဲ့ပါတယ်။ သူက စစ်ဆေးမှုရလဒ်မထွက်ခင် နောက်ဆုံးရောဂါစစ်တမ်းတစ်ခုပေးဖို့ အလွန်သတိထားလေ့ရှိပါတယ်”လို့ ပြောပါတယ်။
လတ်တလောမှာ အင်တာမီယာမီအသင်းက မေဂျာလိဂ်(အရှေ့ပိုင်းဇုန်) အမှတ်ပေးဇယား၊ ဒုတိယနေရာမှာ ရပ်တည်နေပြီး မက်ဆီအနေဖြင့် နောက်ဆုံးအဆင့်ပွဲစဉ်တွေ မစတင်မီ ဒဏ်ရာမှပြန်သက်သာလာနိုင်မယ့် အခွင့်အလမ်းတွေ ရှိနေပါတယ်။